၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
တောင်ကြီးမြို့၊ အောက်တိုဘာလ(၁)ရက်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေ (၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော် နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဘော်လီဘောနှင့်ကြက်တောင်ဆပ်ကော်မတီအဖွဲ့ဝင်များ ၊ အားကစားနည်းအလိုက်ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ အုပ်ချုပ်သူ/နည်းပြများ ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများက အားကစားရုံအတွင်း၌နေရာယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားဖြင့်အမိနိုင်ငံတော်ရဲ့ဂုဏ်ကိုမြှင့်တင်နိုင်သူများဖြစ်ကြပါစေလို့ ဆန္ဒပြုရင်းဦးစွာပထမနှုတ်ခွန်းဆက်သလိုက်ပါကြောင်း ၊ ယခုလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း / ဒေသများနှင့်ခရိုင်များအလိုက် အသက်(၂၀)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ကြက်တောင်ပြိုင်ပွဲများကို ရှမ်းပြည်နယ်အတွင်းအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ၊ လူငယ်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေး ၊ ရှမ်းပြည်နယ်၏ အားကစားကဏ္ဍကို တိုးတက်မြင့်မားစေပြီး မျိုးဆက်သစ်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရေး ၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဘဲ ဖြစ်ပါကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်တွင် ပါဝင်သော ” တစ်မျိုးသားလုံးသက်ရှည်ကျန်းမာရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး ” ဟူသော ဦးတည်ချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် အားကစားကဏ္ဍတိုးတက်အောင်မြင်ခြင်း နိုင်ငံသူ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို အောင်မြင်စွာမြှင့်တင်ပေးနိုင်ကြောင်းကိုလည်း အားကစားသမားများ သတိချပ်သိရှိထားဖို့ လိုအပ်ပါကြောင်း ၊ ဘော်လီဘောအားကစားနည်းကို ကြည့်မယ်ဆိုရင် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု ၊ လျင်မြန်ဖြတ်လတ်မှု ၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ပါ ပြည့်ဝဖို့လိုသည့်အပြင် အားကစားသမားအချင်းချင်း ချစ်ခင်ရင်းနှီးပျော်ရွှင်စွာဖြင့် အားကစားစိတ်ဓာတ်ကိုအရင်းခံပြီး မိမိတို့၏အားကစားအရည်အချင်းကို ထုတ်ဖော်ပြသယှဉ်ပြိုင်ကစားသွားကြစေလိုပါကြောင်း ၊ အလားတူ ကြက်တောင်အားကစားနည်းဟာဆိုရင်လည်း လေ့ကျင့်မှုပြည့်ဝဖို့လိုအပ်ပါကြောင်း ၊ ကြက်တောင်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ” We Live In A Family ” မိသားစုသဖွယ်နေထိုင်ကြတဲ့ အားကစားသမားအချင်းချင်းချစ်ကြည်ရင်းနှီးမှုများရရှိပြီး ထူးချွန်တဲ့အားကစားသမားကောင်းများဖြစ်အောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုပါကြောင်း ၊ ယနေ့အားကစားကဏ္ဍကိုကြည့်မယ်ဆိုရင် လေ့ကျင့်ရေးစွမ်းရည်ကောင်းမွန်သူတွေသာ အောင်ပွဲဆင်နိုင်တာကို တွေ့ရှိရပါကြောင်း ၊ ပြိုင်ပွဲများမှာ ” တရားသဖြင့်ယှဉ်ပြိုင် ၊ နိုင်အောင်ကြိုးပမ်း ” ဆိုတဲ့စိတ်ဓာတ်ထားရှိပြီး အလေးထားယှဉ်ပြိုင်ကြစေလိုပါကြောင်းနှင့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ရှမ်းပြည်နယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ထူးချွန်ထက်မြက်တဲ့ အားကစားသမားများ မကျန်ခဲ့ရအောင် ဒီပြိုင်ပွဲတွေကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း ၊ တာဝန်ရှိသူများမှလည်း ပုဂ္ဂိုလ်စွဲ ၊ ဒေသစွဲများမထားရှိဘဲ မှန်မှန်ကန်ကန်ရွေးချယ်သွားကြစေလိုပါကြောင်းနှင့် ရှမ်းပြည်နယ် ဘော်လီဘောအသင်း ၊ ကြက်တောင်အသင်းများ အနေဖြင့် အောင်မြင်မှုများရရှိအောင် ကြိုးစားကြစေလိုပါကြောင်း အစရှိသည်များကို တိုက်တွန်းပြောကြားသွားကာဆက်လက်ပြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ယခုပြိုင်ပွဲသို့ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော အ.ထ.က(၁)ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ဖွင့်ပွဲ ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါပြိုင်ပွဲများကို (၁.၁၀.၂၀၂၄)ရက်နေ့မှ (၅.၁၀.၂၀၂၄)ရက်နေ့ထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၅)သင်း နှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၂၀၃)ဦးတို့ဖြင့် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ ဘော်လီဘောအားကစားနည်းနှင့် ကြက်တောင်အားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။