အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက်။

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီတွင် လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံဒေသအဆင့်မှ ချမှတ်အတည်ပြုထားသည့် လူငယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိကဝတ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် အာဆီယံလူငယ်ဆိုင်ရာလုပ်ငန်းစဉ်များအား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် အာဆီယံလူငယ်ဆိုင်ရာအစည်းအဝေးများ (အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး – AMMY နှင့် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး – SOMY) တို့၏ တာဝန်ဝတ္တရားများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာလူငယ်များအတွက် အာဆီယံနှင့် နိုင်ငံတကာ အသိုက်အဝန်းများတွင်ပါဝင်နိုင်ရေးအတွက် ပံ့ပိုးကူညီ၍ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံလူငယ်ဆိုင်ရာအစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်း “ သဟဇာတဖြစ်တဲ့ အာဆီယံလူ့အဖွဲ့အစည်းတစ်ခုကို လူငယ်များရဲ့ အင်အားနဲ့ ဖန်တီးဖော်ဆောင်သွားကြပါစို့” ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့် ပူးပေါင်း၍ မြန်မာလူငယ် (၅၀) ဦးတို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နှင့် (၁၈)ရက်နေ့တို့တွင် “ မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတ ဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊

အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများ၏ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေစဉ်တွင် ဝန်ကြီးများအဆင့်အစည်းအဝေးအား (၁)ကြိမ်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးအား (၂)ကြိမ်တို့ကို ဦးဆောင်၍ ကျင်းပပြုလုပ်ပေးရမည်ဖြစ်သည့်အတွက် ယခု (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတို့အား Virtual စနစ်ဖြင့် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပပြုလုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံက ဦးဆောင်ကျင်းပပြုလုပ်သည့် အာဆီယံဒေသအဆင့်အစည်းအဝေးကို ပေါင်းစပ်ဆောင်ရွက်မှုအားများဖြင့် ဆောင်ရွက်ကြပြီး နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကျင်းပရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံမှ ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပရာတွင်အသုံးပြုမည့် ဆောင်ပုဒ်၊ အစည်းအဝေး ကျင်းပရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ အစည်းအဝေးကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပနိုင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကျင်းပရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။