အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၊ စက်တင်ဘာ(၂၄)ရက်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲ‌တော်အကြို ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ကို စက်တင်ဘာ ၁၄ ရက်မှ ၂၄ ရက်အထိ အားကစားနည်း (၂၃)နည်းဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေပိုင်းက အသက်၂၀နှစ်‌နှင့်အောက် ဖူဆယ်‌(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သု၀ဏ္ဏ၌ ကျင်းပခဲ့ရာ ရန်ကုန် တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်း‌ဒေသကြီး၀န်ကြီးချုပ် ဉီးစိုးသိန်း၊ အားကစားနှင့်လူငယ်‌ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီများမှ အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်‌ရောက်ကြည့်ရှုအား‌ပေးကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဖူဆယ်‌(အမျိုးသား)ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုနှင့် အ‌ကောင်းဆုံးဂိုးသမားဆု ရရှိခဲ့ကြသည့် အားကစားသမားများကို တိုင်း‌ဒေသကြီးဝန်ကြီးများက ဆုတံဆိပ်နှင့်‌ ငွေသားဆုများကို လည်းကောင်း၊ တတိယဆုရရှိ‌သည့် ဗိုလ်တ‌ထောင်ခရိုင်အသင်းကို တိုင်း‌ဒေသကြီး လုံခြုံ‌ရေးနှင့် နယ်စပ်‌‌ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးဝင်းတင့်ကလည်း‌ကောင်း၊ ဒုတိယဆုရရှိ‌သည့် အင်းစိန်ခရိုင် အသင်းကို အားကစားနှင့်လူငယ်‌ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဇင်မင်းထက်ကလည်း‌ကောင်း၊ ပထမဆုရရှိ‌သည့် မရမ်းကုန်းခရိုင်အသင်းကို တိုင်း‌ဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းက‌လည်း‌ကောင်း တစ်ဉီးချင်းဆုတံဆိပ်နှင့်‌ ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့‌နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်း‌ဒေသကြီး၀န်ကြီးချုပ် ဉီးစိုးသိန်းက အမှာစကားပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် ရွှေတံဆိပ် ၃၃ ခု ၊ ငွေတံဆိပ် ၂၂ ခု ၊ ကြေးတံဆိပ် ၁၉ ခုဖြင့် တတိယဆုရရှိသွားသည့် မင်္ဂလာဒုံခရိုင်အသင်းကို အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်း‌ဒေသကြီးလူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်က ငွေကျပ်သိန်း ၃၀နှင့် ဆုဖလားအား လည်းကောင်း၊ ရွှေတံဆိပ် ၃၄ ခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၂၈ ခုဖြင့် ဒုတိယဆုရရှိသွားသည့် အလုံခရိုင်အသင်းကို အားကစား နှင့်လူငယ်‌ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဉီးဇင်မင်းထက်က ငွေကျပ်သိန်း ၅၀နှင့် ဆုဖလားအား လည်း‌ကောင်း၊ ရွှေတံဆိပ် ၄၁ ခု၊ ငွေတံဆိပ် ၃၇ ခု၊ ကြေးတံဆိပ် ၂၉ ခုဖြင့် ပထမဆုရရှိ‌သွားသည့် သန်လျင်ခရိုင်အသင်းကို ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်း‌ဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းက ငွေကျပ်သိန်း ၁ဝဝ နှင့် စုပေါင်းတံခွန်စိုက်ဖလားအားလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် တင်းနစ်၊ လက်ဝှေ့ ၊ မြန်မာ့သိုင်း၊ ဗိုဗီနမ် ၊ ဘောလုံး ၊ ပိုက်‌ကျော်ခြင်း ၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ ဂေါက်သီး ၊ ဘော်လီဘော ၊ ရေကူး ၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ ဂျုဒို၊ တိုက်ကွမ်ဒို ၊ ပြေးခုန်ပစ်၊ မသန်စွမ်း၊ ဘိလိယက်နှင့်စနူကာ၊ ကြက်‌တောင်၊ အလေးမ၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ ဝူရှူး၊ ခရစ်ကတ် စသည့် အားကစားနည်း ၂၃ နည်းဖြင့် စက်တင်ဘာ ၁၄ ရက်မှ၂၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင် ၁၄ ခရိုင်မှ အားကစားသမား၂၄၀၇ ဦးနှင့် အုပ်ချုပ်သူ/နည်းပြ ၅၉၉ ဦး၊ စုစုပေါင်းအင်အား ၃၀၀၆ ဦးခန့် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။