အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ထားဝယ်မြို့တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ထားဝယ် စက်တင်ဘာ ၂၄။

နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် ထားဝယ်မြို့နယ်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၇) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ (ကိုယ်စား)ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောအောင်မွန်က လူငယ်များအနေဖြင့်အနာဂတ်တွင် အောင်မြင်သောလူငယ်များ ဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသောစာပေနှင့် အသိပညာဗဟုသုတများဆည်းပူး လေ့လာရန်လိုအပ်ကြောင်း၊  စာပေများကိုဖတ်ရှုလေ့လာပြီး ရရှိသောအသိပညာဗဟုသုတများကို  မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူ အချင်းချင်း၊ လူငယ်များအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီးအမြင်ချင်းဖလှယ်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပကလာရောက်ဟောပြော ပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ် (၇)အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းသူများဖြစ်ကြသည့် Grade-8 ကျောင်းသူ မသော်တာစိုးက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-10 ကျောင်းသား မောင်အောင်ထိုက်ဦး က လူငယ် နှင့်ကျန်းမာရေး၊ Grade-11 ကျောင်းသူ မလပြည့်ဝန်းက လူငယ်နှင့်ကိုယ်ကျင့်တရား၊ Grade-9 ကျောင်းသားမောင်ကောင်းသူဆီဇာက လူငယ်နှင့်အောင်မြင်ခြင်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများ ကဆွေးနွေးပြောကြားသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်ပစ္စည်းပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။