အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များတက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၆ ။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင် သယ်ယူရေးနှင့် ပရိသတ်များတက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ (အပေါ်ထပ်) ၌ ကျင်းပခဲ့သည်။

 ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားအားကစားပွဲတော်ကျင်းပရာ၌ အဓိကကျသည့် ဖွင့်ပွဲအခမ်းအနား အစီအစဉ်တွင်ပါဝင်သော မီးရှူးတိုင်သယ်ယူရေးအတွက် နေပြည်တော်မြို့တော်ခန်းမတွင် မီးရှူးတိုင်အားထားရှိပြီး၊ မြို့တော်ခန်းမမှ ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ မီးရှူးတိုင်အား သယ်ဆောင်ရာတွင် မော်တော်ယာဉ်လုံလောက်မှုရှိစေရေးနှင့်  လမ်းတစ်လျှောက် သတ်မှတ် နေရာများတွင်  ပရိသတ်အင်အားထားရှိရေး၊ ဖွင့်ပွဲနှင့် ပိတ်ပွဲတွင် ပရိသတ်အင်အား လုံလောက်မှု ရှိစေရေး၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းထဲတွင်  Live လွှင့်ရန် LED ထားရှိရေးနှင့် ပဉ္မမအကြိမ် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးရေးစသည့် ကိစ္စရပ်များနှင့်ပတ် သက်ပြီး အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်အလံ အဖြစ် ယခင် အမျိုးသားအားကစားပွဲတော်များတွင် အသုံးပြုခဲ့သည့် အလံကိုသာ ဆက်လက် အသုံးပြုမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် ကွင်းအတွင်း စစ်ကြောင်းပုံချီတက်နေရာယူရာ၌ ဝန်ကြီးဌာနအသင်းများကို ဝါစဉ်အလိုက်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများကို အက္ခရာစဉ်အလိုက် ကွင်းအတွင်းဝင်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကွင်းအတွင်းဝင်ရောက်တန်းစီမည့် ဒိုင်/ဂျူရီများကို သက်ဆိုင်ရာအားကစားနည်းအလိုက် ဒိုင်/ဂျူရီ ဝတ်စုံများဖြင့်လည်းကောင်း၊ ဝန်ကြီးဌာနအသင်း ဆိုင်းဘုတ်ကိုင်များကို သက်ဆိုင်ရာဝန်ကြီး ဌာန၏ တူညီဝတ်စုံများဝတ်ဆင်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်း ဆိုင်းဘုတ်ကိုင်များကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ တိုင်းရင်းသား/ရိုးရာဝတ်စုံများ ဝတ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မီးရှူးတိုင်အား မြို့တော်ခန်းမတွင် ထားရှိနိုင်ရေးစီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း လမ်းဆုံမှစ၍ မီးရှူးတိုင် သယ်ဆောင်စဉ် လမ်းဘေးတစ်ဖက် တစ်ချက်မှ အားကစားသမားများ (သို့မဟုတ်) ကျောင်းသား/ကျောင်းသူများက အားကစားဝတ်စုံဖြင့် တန်းစီကြိုဆိုနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများတွင် ပရိသတ်အင်အားပြည့် လာရောက်ကြည့်ရှုအားပေးနိုင် ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီတွဲဖက် အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ရှင်းလင်းတင်ပြရာ၌ မြို့တော်ခန်းမတွင် မီးရှူးတိုင်ထားရှိမည့် နေရာသတ်မှတ်နိုင်ရေးအတွက် ကြိုတင်သွားရောက်ကြည့်ရှု သွားမည်ဖြစ်ကြောင်းနှင့် မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ယူမည့် အကြောင်းအရာများနှင့် သယ်ယူမည့်လမ်းကြောင်းများအား အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပြီး ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားတွင် ပရိသတ်အင်အား လုံလောက်မှုရှိစေရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် မော်တော်ယာဉ် ကိစ္စများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များ တက်ရောက်အားပေးနိုင်ရေးအတွက် မော်တော်ယာဉ် ကြို/ပို့ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီအတွင်းရေးမှူး၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။