ခြင်းလုံးနည်းပြနှင့်ဒိုင်လူကြီးသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၁၃ ။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယခုသင်တန်း၌ ရိုးရာခြင်းလုံး၊ ခြင်းပေါက်ခတ်နည်းစနစ်များကို စနစ်တကျ တက်မြောက်အောင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် မိမိတို့တာဝန်ကျရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အခြေခံခြင်းခတ် နည်းစနစ်များကို လက်ဆင့်ကမ်း၍ ပြန်လည်သင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ ယခုလိုသင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့်လည်း ခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားစေရေး အတွက် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်က သင်တန်းသားနည်းပြဆရာများနှင့် ဒိုင်လူကြီးများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း)၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်က အမှာစကားပြောကြားရာတွင် သင်တန်းသားများ အနေဖြင့် မြန်မာ့ရိုးရာခြင်းလုံးပညာရပ်များကို ဆက်လက်၍ စူးစမ်းရှာဖွေလေ့လာကြိုးစား သွားကြရန်လိုကြောင်း၊ ပြောင်းလဲလာသည့် နည်းစနစ်များ၊ စည်းမျဉ်း/စည်းကမ်းများကို သိရှိနားလည်အောင် ပြန်လည်သင်ကြားပို့ချပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲများတွင် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း၊ နည်းဥပဒေများအတိုင်း သမာသမတ်ကျအောင် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ဆောင်ပုဒ်ဖြစ်သည့် “ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ်တိုင်းပြည်လုံး တပြုံးပြုံး ခြင်းလုံးခတ်ကာ ကစားပါ” ဆိုသည့်အတိုင်း တစ်တိုင်းပြည်လုံး ခြင်းလုံးခတ်ကစားအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းနိုင်အောင် ဆက်လက်ကြိုးစားသွားကြရန် မှာကြားခဲ့သည်။
ထို့နောက် နာယက ဦးစိုးတင့်က ခြင်းလုံးများ၊ မြန်မာ့ရိုးရာဝိုင်းဖွဲ့ ခြင်းလုံးခတ်ပြိုင်ပွဲဝင် ခြင်းပေါက်များ၏ ခတ်နည်းစနစ်သတ်မှတ်ချက်စာအုပ်များနှင့် စီဒီအခွေများကို သင်တန်း တက်ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၂)ခုမှ ကိုယ်စားလှယ်သင်တန်းသားများအား ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း)၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ နည်းပြဆရာ(၆)ဦးတို့က သင်တန်းသား(၃၉)ဦး၊ သင်တန်းသူ(၇)ဦး စုစုပေါင်း (၄၆)ဦးတို့အား သင်တန်းကာလအဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။