အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ်အားကစားသမားစိုးပေ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပပြုလုပ်သည့် ၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ(Paris 2024 Paralympic Games)သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်အားကစားသမား စိုးပေနှင့် အုပ်ချုပ်သူ ဦးမင်းနိုင်ဦး၊ နည်းပြဒေါက်တာထက်ဇေယျာတို့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းလေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

အဆိုပါအားကစားအဖွဲ့အား မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ ဆေးမှူးချုပ် ဒုတိယဗိုလ်မှူးကြီးဌေးအောင်၊ အတွင်းရေးမှူးဦးထွန်းနိုင်ဦးနှင့်အမှုဆောင်များ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားစိုးပေသည် အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲဆေးအဆင့် (T64) (ဒူးအောက်တစ်ဖက်) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၈ နိုင်ငံမှ ကစားသမားများနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မီတာ ၁၀၀ ပြိုင်ပွဲတွင် အဆင့် ၁၆ နှင့် မီတာ ၂၀၀ ပြိုင်ပွဲတွင် အဆင့် ၁၁ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအားကစားသမားစိုးပေသည် ၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲတွင် အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲဆေးအဆင့် (T64) (ဒူးအောက်တစ်ဖက်) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး စိုးပေအနေဖြင့် ပြီးခဲ့သည့်လေးနှစ်တာကာလအတွင်း နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်ငါးခု စုစုပေါင်းဆုတံဆိပ်ကိုးခုရရှိခဲ့သည့်အတွက် ကမ္ဘာ့မသန်စွမ်း ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် ကမ္ဘာ့မသန်စွမ်းအားကစားအဖွဲ့ချုပ်တို့က ယခုနွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန် ဖိတ်ကြားခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။