အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ငွေတံဆိပ်(၁)ခုနှင့်ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်းအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်။

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိကျင်းပခဲ့သည့် (၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား (37th Thai King’s Cup)ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၃)ခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် ယမန်နေ့ည ၁၀ နာရီတွင် ရန်ကုန်မြို့သို့ ထိုင်းလေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

အောင်ပွဲရမြန်မာအားကစားအဖွဲ့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်ဉက္ကဌဦးရဲထွဠ်တင် ၊ ဒုတိယဥက္ကဌများ နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား/ကျောင်းသူများ၊ မိဘ ဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် ယင်းပြိုင်ပွဲတွင် နည်းပြအုပ်ချုပ်သူ ၆ ဦး၊ ကစားသမားအမျိုးသား ၁၂ ဦး၊ ကစားသမားအမျိုးသမီး ၁၁ ဦးတို့ပါဝင်ကာ အမျိုးသားပြိုင်ပွဲများဖြစ်သည့် Team, Quadrant, Mixed regu, Mixed quadrant နှင့် အမျိုးသမီးပြိုင်ပွဲများဖြစ်သည့် Team, Quadrant, Hoop စသည့် ပြိုင်ပွဲခုနှစ်မျိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား Mixed regu ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီး Hoop (ကွင်းသွင်းခြင်းခတ်)ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု၊ အမျိုးသား+အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီးအသင်းပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု၊ အမျိုးသားအသင်းပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု စုစုပေါင်းရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခုဆွတ်ခူးရရှိခဲ့ကြသည်။

အဆိုပါ ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ မြန်မာ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အန္ဒိယ၊ အမေရိကန်၊ သီရိလင်္ကာ၊ အီရန်၊ အိုမန်၊ ဩစတြေးလျ၊ နီပေါ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နယူးဇီလန်၊ အာဂျင်တီးနား၊ ဆွစ်ဇာလန်၊ အရှေ့တီမော၊ ပိုလန်၊ အီရတ်၊ အီတလီ၊ တရုတ်တိုင်ပေ အစရှိသည့် နိုင်ငံ ၂၈ နိုင်ငံမှ လက်ရွေးစင်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် အအောင်မြင်ဆုံးအသင်းများမှာ ထိုင်းအသင်းနှင့် မလေးရှားအသင်းတို့ဖြစ်ကြပြီး မြန်မာ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်အသင်းတို့သည် ယခုနောက်ပိုင်းတွင် အင်အားတောင့်တင်းလာသည့် အသင်းကောင်းများဖြစ်ကြကြောင်းနှင့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်က ပြုလုပ်သည့် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်သုံးခုရရှိခဲ့ကြောင်းလည်း သိရှိရသည်။