အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခု ဆွတ်ခူးရရှိ

နေပြည်တော်၊ စက်တင်ဘာ ၇။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ကျင်းပလျက် ရှိသော ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား(Mixregu)ပြိုင်ပွဲတွင် မြန်မာ ပိုက်ကျော်ခြင်းအသင်းမှ ရွှေတံဆိပ် ၁ ခု ကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရရှိခဲ့ပြီး လာအိုအသင်းက ဒုတိယ၊ ကိုရီးယားအသင်းနှင့်တရုတ်အသင်းတို့က တတိယတို့အသီးသီးရရှိခဲ့သည်။

ယခင်နေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသမီး Hoop (ကွင်းသွင်းခြင်းခတ်) ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ အမျိုးသား+ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းသည် အိမ်ရှင်ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး ၈၆၀-၇၀၀ မှတ်ဖြင့် အရေးနိမ့်ကာ ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်ပြီး အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ မြန်မာအသင်းက ငွေတံဆိပ်၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားအသင်းတို့က ပူးတွဲကြေးတံဆိပ်ဆုများရရှိခဲ့သည်။

အမျိုးသား+ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ လာအိုအသင်းက ငွေတံဆိပ်၊ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့က ပူးတွဲကြေးတံဆိပ်ရရှိခဲ့သည်။

အမျိုးသမီးအသင်းလိုက် သုံးယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ ဗီယက်နမ်အသင်းက ငွေတံဆိပ်၊ မြန်မာအသင်းနှင့် ကိုရီးယားအသင်းတို့က ပူးတွဲကြေးတံဆိပ်ရရှိခဲ့သည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာရှဒေသတွင်းနိုင်ငံများအပြင် အခြားတိုက်များမှ နိုင်ငံများလည်း ဝင်းရောက်ယှဉ်ပြိုင်လျက်ရှိသည်။

အဆိုပါ ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ နည်းပြအုပ်ချုပ် ၆ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦးတို့သည် အမျိုးသားပြိုင်ပွဲများအဖြစ်((Team, Quadrant, Mixregu, Mixquadrant) အမျိုးသမီးပြိုင်ပွဲများအဖြစ် (Team, Quadrant,Hoop)ပြိုင်ပွဲ အမျိုးအစား ၇ မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခု ဆွတ်ခူးရရှိကြောင်းသိရသည်။