၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်၏ FEI (1 Star) Endurance Qualification Round (3) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် Endurance Steward သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇွန်(၂၉)။
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI (1 star) Endurance Qualification Round (3) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲနှင့် Endurance Steward သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ထူထောင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း(၃၀)ကျော်ကာလကို ကျော်ဖြတ်လာနိုင်ခဲ့သည့် အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်ပါကြောင်း၊ ၁၉၉၆ ခုနှစ်မှ စတင်၍ (FEI)ဟုခေါ်သည့် ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး (FEI)မှ ကြီးကြပ်ပြုလုပ်သည့် SEA Games ပြိုင်ပွဲများတွင် မြန်မာမြင်းစီးအဖွဲ့များအနေဖြင့် ဆုတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း၊ ခရီးရှည်မြင်းစီးအားကစားသည် မြန်မာနိုင်ငံ၏ ရေမြေ သဘာဝနှင့်ကိုက်ညီ၍ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ပြီး အလားအလာရှိ သည့်အတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် အရည်အချင်းစစ်ပြိုင်ပွဲများကို အားသွန်ခွန်စိုက် ပြုလုပ်လာခဲ့သည်မှာ ယခုတတိယအကြိမ်ထိရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်၏ သတ်မှတ်ချက်ဖြစ်သည့် (1star) အဆင့်ကို ရရှိရန်အတွက် အရည်အချင်းစစ်ပြိုင်ပွဲကို (၄)ကြိမ် ကျင်းပပြုလုပ်ရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် သတ်မှတ်အကြိမ် ပြည့်မြောက်သည်အထိ အောင်မြင်စွာလုပ်ဆောင်နိုင်မည်ဟု ယုံကြည်မိပါကြောင်း၊ ခရီးရှည်မြင်းစီး အားကစားနည်းသည် သဘာဝအတိုင်းရှည်လျားသည့် ခရီးလမ်းကြောင်းသတ်မှတ်ပြီး မြင်းကို စီးနင်းရခြင်း ဖြစ်ပြီး မြင်းနှင့်အတူ မြင်းစီးအားကစားသမားပါ သက်လုံကောင်းမွန်မှု၊ ကျန်းမာသန်စွမ်းမှု၊ စိတ်ဓာတ် ခိုင်မာမှုများနှင့် ပြည့်စုံရမည်ဖြစ်ပြီး အထူးသဖြင့် မြင်း၏ကြံ့ခိုင်မှုကို ဆေးပညာအရ စစ်ဆေးပြီးထိန်းချုပ် ထားသည့်အတွက် နည်းပညာအရ ရှုပ်ထွေးနက်နဲပြီး အဆင့်မြင့်အားကစားနည်းတစ်ရပ်အဖြစ် သတ်မှတ် လက်ခံကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အတွေ့အကြုံများကို ကောင်းစွာ အသုံးချပြီး မြင်းနှင့်လူ၏ ဘေးအန္တရာယ်ကို တွက်စ၍ စိတ်ချရမည့် နည်းလမ်းများဖြင့် ချင့်ချိန်လုပ်ဆောင်သွားရန်နှင့် အနိုင်ရရန်အတွက် အဓိကမထားဘဲ စစ်ဆေးခြင်းအောင်မြင်မှုကိုသာ အာရုံစိုက်ယှဉ်ပြိုင်ပြီး သတိထားဆောင်ရွက်သွားရန်လိုကြောင်း၊ ကမ္ဘာ့အဆင့်သတ်မှတ်ချက် FEI (1 star) ရရှိရေးအတွက် စည်းစနစ်တကျ လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် နိုင်ငံနှင့်လူမျိုးအတွက်သာမက အားကစားနည်းတစ်ခုအတွက်ပါ များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုပြိုင်ပွဲနှင့် Endurance အတွက် မြေပြင်မှာ ကြီးကြပ်ကွပ်ကဲရသည့် Stewards များအတွက် သင်တန်းတွင် စာတွေ့လက်တွေ့ ပေါင်းစပ်ပြီး သင်ကြားပို့ချပေးသွားမည်ကို သိရှိရသည့်အတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့် ကလပ်အသင်းများမှတာဝန်ရှိသူများ၊ မြင်းပိုင်ရှင်များနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြည့်မီသည့် မြင်းများနှင့် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုများ ရရှိအောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က FEI (1 star) Endurance Qualification Round (3) ခရီးရှည်မြင်းစီး အားကစားအရည်အချင်းစစ်ပြိုင်ပွဲနှင့် Endurance Steward သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်မြင်းစီးအားကစားသမားများနှင့် မိတ်ဆက်ပေးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။