အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၆ ရက်။

အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိူးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်နှင့် အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ/နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့်နည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလတွင် အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်နှင့်လည်းကောင်း၊ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလတွင် အာရှအလေးမအဖွဲ့ချုပ်နှင့်လည်းကောင်း ဆက်သွယ်၍ အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ခဲ့ပါကြောင်း၊ (၁၁)ကြိမ်မြောက် အိုလံပစ်အားကစားပြိုင်ပွဲတွင် မြန်မာ့လူသန်ကြီးတစ်ဦးဖြစ်သည့် ဦးဇော်ဝိတ်သည် အလေးမအားကစားနည်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၅၁ ခုနှစ် အိန္ဒိယနိုင်ငံ၌ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအလေးမအသင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ပါကြောင်း၊ အလေးမအားကစားနည်းအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၉၁)ခု၊ ငွေတံဆိပ် (၆၂)ခု၊ ကြေးတံဆိပ် (၆၅)ခုတို့ကို ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး အောင်မြင်မှုများစဉ်ဆက်မပြတ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်ပါကြောင်း၊ အလေးမအားကစားနည်းဖြင့် အမိနိုင်ငံ၏ဂုဏ်ကို တစ်ထောင့်တစ်နေရာမှ မြှင့်တင်ပေးခဲ့ကြသူများထဲတွင် မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အလေးမအားကစားသမားများလည်းပါဝင်သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊  ၎င်းအလေးမအားကစား သမားများသည် ရွှေတံဆိပ်ဆုများရယူပေးနိုင်ခဲ့သည့်အပြင် (၂၀)ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွင်လည်း “ အမြန်မ” စံချိန်သစ်တင်နိုင်ခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆုတံဆိပ်များရယူပေးနိုင်ခဲ့သည့် အားကစားသမားများ၊ အုပ်ချုပ်/ နည်းပြများကို ယခင်နှစ်များနှင့်မတူဘဲ ဆုကြေးငွေများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်း၊ အသက် (၆၀)နှင့်အထက် သက်ရှိထင်ရှားရှိသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဟောင်းများကိုလည်း လစဉ်ဂုဏ်ပြုထောက်ပံ့ပေးလျက်ရှိသည့်အပြင် မြန်မာ့အားကစား အောင်မြင်တိုးတက်စေရေးအတွက် အားကစားသမားများကို စနစ်တကျစခန်းသွင်းလေ့ကျင့်နိုင်ရေး စီမံဆောင်ရွက်ပေးခြင်း၊ အားကစားကွင်း/ အားကစားရုံများ၊ အထောက်အကူပြု အားကစားအသုံးအဆောင်ပစ္စည်းများကို နှစ်စဉ် တိုးချဲ့ပံ့ပိုး ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့်လည်း မျိုးဆက်သစ် အားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်အားကစားသမားများအဖြစ်သို့ ထွက်ပေါ်လာစေရေးအတွက် အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း၊ နည်းပြဆရာတစ်ဦးအနေဖြင့် နည်းစနစ်ပိုင်းများအား လေ့ကျင့်သင်ကြားပေးရုံသာမက အားကစားသမားကောင်းတစ်ဦး ထားရှိရမည့် စိတ်ဓာတ်၊ စည်းကမ်းနှင့် လိုက်နာမှုတို့ကိုသင်ကြားပေးရမည့်အပြင် အင်အားဖြစ်စေမည့် အစာအာဟာရများ စားသုံးတတ်စေရန်နှင့် တားမြစ်ဆေးဝါး၏ဆိုးကျိုးများကို နားလည်သဘောပေါက် စေရန် အထူးဂရုပြုသင်ကြားပေးသွားရန်လိုကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ/ နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများကို အချိန်တိုအတွင်း သိရှိလေ့လာခွင့်ရရှိမည်ဖြစ်သည့်အတွက် မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် မျိုးဆက်သစ်အလေးမအားကစားသမားများကို ရှာဖွေစည်းရုံး စုဆောင်း၍ စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် သင်တန်းမှသင်ကြားပို့ချပေးမည့် စာတွေ့ လက်တွေ့သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် ထိထိမိမိသင်ယူလေ့လာပြီး အလေးမအားကစား နည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများစွာ မွေးထုတ်ပေးနိုင်သည့် နည်းပြဆရာ ကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။