အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ဇွန်လ(၂၁)ရက်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။

ကြည့်ရှုအားပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များအဖြစ် ကီလိုတန်းအလိုက် အမျိုးသား၊ အမျိုးသမီးအတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး ကြသည်။

ဂုဏ်ပြုဆုငွေများပေးအပ်

ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာ မျိုးသိန်းကျော်တို့က အမျိုးသမီး (၄၉ – ၅၃) ကီလိုတန်းအတိုက်ပြိုင်ပွဲ၊ အမျိုးသား (၆၈ – ၇၄) ကီလိုတန်းအတိုက်ပြိုင်ပွဲနှင့် အမျိုးသမီး(၄၃ – ၄၆)ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ ဦးရွှေကြိမ်းနှင့် ခွန်စံလွင်တို့က အမျိုးသား (၄၆–၅၀) ကီလိုတန်းအတိုက်ပြိုင်ပွဲ၊ အမျိုးသား (၅၀–၅၄) ကီလိုတန်း အတိုက်ပြိုင်ပွဲနှင့် အမျိုးသား(၅၄–၅၈) ကီလိုတန်းအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေ နှင့် ဒေါက်တာမှုထန်တို့က အကောင်းဆုံး အမျိုးသမီး၊ အမျိုးသားအားကစားသမားဆုရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆုဖလားများပေးအပ်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း ကိုလည်းကောင်း တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို စုပေါင်းတံခွန်စိုက် ဆုဖလားပေးအပ်ချီးမြှင့်သည်။

၂၆၃ ဦး ပါဝင်ယှဉ်ပြိုင်

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်မြင့်မားလာစေရန်နှင့် အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်မည့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဇွန် ၁၇ ရက် မှ ၂၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၅ သင်းတို့မှ အားကစားသမား စုစုပေါင်း ၂၆၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။