အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇွန်(၄)။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ရည်ရွယ်ကျင်းပ

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် ယခုပြိုင်ပွဲမှထွက်ပေါ်လာမည့် မျိုးဆက်သစ်အားကစားသမားများကို စနစ်တကျရွေးချယ်လေ့ကျင့် ပျိုးထောင်ပေးသွားနိုင်ရန် လူရွေး ချယ်ရေးစီမံချက်နှင့် အောင်နိုင်ရေးစီမံချက်များကို ကြိုတင်ရေးဆွဲ ဆောင်ရွက်သွားကြရန်လိုကြောင်း။

ကြိုးစားယှဉ်ပြိုင်

ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/မယ်များသည် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်း အနိုင်ရရှိရေးအတွက် မိမိတို့၏ အစွမ်းအစအရည် အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး ကြိုးစားယှဉ်ပြိုင် သွားကြစေလိုကြောင်း၊ ယှဉ်ပြိုင်ခြင်း သည် အဓိကဖြစ်သကဲ့သို့ အနိုင်ရခြင်းသည်လည်း ပဓာနကျသည်ဆိုသော ခံယူချက်ဖြင့် မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်း၏ဂုဏ်ကိုမြှင့်တင်နိုင်ရန် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားသမား ကောင်းပီသစွာ သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေ လိုကြောင်း ပြောကြားပြီး ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။

ကြည့်ရှုအားပေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပထမနေ့ဂျူဒိုပြိုင်ပွဲ ရှုံးထွက်ပွဲစဉ် ၄၂ ကီလိုတန်းအောက် တစ်ဦးချင်း အမျိုးသားဂျူဒိုပြိုင်ပွဲ၊ ၅၇ ကီလိုတန်းအောက် တစ်ဦးချင်း အမျိုးသမီးဂျူဒိုပြိုင်ပွဲနှင့် ၃၈ ကီလိုတန်းအောက်တစ်ဦးချင်း အမျိုးသားဂျူဒိုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၃၀ မှ အသင်းအုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားအင်အား စုစုပေါင်း ၂၆၉ ဦးဖြင့် ဇွန် ၄ ရက်မှ ၇ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါ ဝင်စားသည့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။