အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဂျူဒို ၊ ရေကူး ၊ တိုက်ကွမ်ဒိုပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင်အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ မေလ(၂၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအမျိုးသား/အမျိုးသမီး ဂျူဒို ၊ ရေကူး ၊ တိုက်ကွမ်ဒိုပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသား/အမျိုးသမီး အသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို (၂၉.၅.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ အားကစားနည်းများအလိုက် ဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်ကို ကိုယ်စားပြုပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို ၊ ရေကူး ၊ တိုက်ကွမ်ဒို ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများသည် အားကစားဖြင့်အမိနိုင်ငံ၏ဂုဏ် ၊ ပြည်နယ်၏ဂုဏ်ကိုမြှင့်တင်နိုင်ပါစေကြောင်း ၊ နိုင်ငံတော်၏အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်အဖြစ် အလေးထားပြီး ရေတိုရေရှည်စီမံချက်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိတာ အားလုံးအသိဘဲဖြစ်ပါကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင်ပါဝင်သော “ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်ဆောင်ရွက်ရေး” ဟူသော ဦးတည်ချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် နိုင်ငံတော်မှယခုလို လူငယ်များပါဝင်တဲ့ပြိုင်ပွဲများကိုကျင်းပပေးနေရခြင်းဖြစ်ပါကြောင်း ၊ နိုင်ငံတော်မှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ချမှတ်ထားတဲ့ အဓိကတာဝန်ကြီး(၄)ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ၊ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့် ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်ထိတက်လှမ်းနိုင်အောင် ကြိုးပမ်းရေးတို့ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်လက်ရွေးစင်အသင်းများ အနေဖြင့်လည်း တစ်ထောင့်တစ်နေရာမှ ကြိုးပမ်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း ၊ မြန်မာ့အားကစားအဆင့်အတန်းကို ကြည့်ရမည်ဆိုလျှင် အရှေ့တောင်အာရှမှ အာရှတစ်လွှားအထိဆုတံဆိပ်များ အကြိမ်ကြိမ်ရယူနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့အားကစားနည်းများဖြစ်တယ်ဆိုတာ အားလုံးအသိဘဲဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ်ရဲ့အားကစားအဆင့်အတန်းမနိမ့်ကျဘူးဆိုတာ ယခုပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဂျူဒို ၊ ရေကူး ၊ တိုက်ကွမ်ဒို ပြိုင်ပွဲများမှာ အစွမ်းကုန်ကြိုးစားသွာကြစေလိုပါကြောင်း ၊ နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာကြပြီး အားကစားစိတ်ဓာတ်ကို အရင်းခံကာမိမိတို့၏ အားကစားအရည်အချင်းများကို အကောင်းဆုံးထုတ်ဖော်ပြသယှဉ်ပြိုင်ကစားသွားကြပါ ၊ အသင်းရဲ့ စည်းလုံးညီညွှတ်မှုအား ၊ စိတ်ဓာတ်ခွန်အားတို့ဖြင့်ယှဉ်ပြိုင်ကစားပြီး ပထမတံခွန်စိုက်ဆုဖလားကြီး နှင့် တစ်ဦးချင်းဆုတံဆိပ်များ ရယူကာ ရှမ်းပြည်နယ်ရဲ့ဂုဏ်ဆောင်နိုင်ကြသူများဖြစ်အောင် အထူးကြိုးစားကစားခဲ့ကြပါလို့ အားပေးပြောကြားရင်းနိဂုံးချုပ်လိုက်ပါကြောင်းနှင့် အစရှိသည်များကို ပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး အသင်းအုပ်ချုပ်သူများကိုယ်စား တိုက်ကွမ်ဒိုအသင်း အုပ်ချုပ်သူမှ အဆိုပါအားကစားနည်းများ စခန်းသွင်းလေ့ကျင့်ကာလနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသွားကာ ပြည်နယ်ဝန်ကြီးချုပ်မှ ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ကြမည့် ရှမ်းပြည်နယ်အမျိုးသား/အမျိုးသမီး အသင်းများအား အောင်နိုင်ရေးအလံ နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ ဂျူဒိုပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို ထောက်ပံ့ငွေကျပ် (၂၀)သိန်း ၊ ရေကူးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို ထောက်ပံ့ငွေကျပ် (၁၀)သိန်း ၊ တိုက်ကွမ်ဒိုပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို ထောက်ပံ့ငွေကျပ် (၂၀)သိန်း နှင့် အဆိုပါပြိုင်ပွဲများရဲ့ စခန်းသွင်းလေ့ကျင့်ကာလနှင့် ပြိုင်ပွဲကာလ ကုန်ကျစရိတ်ငွေကျပ် သိန်း(၂၅,၂၂၈,၅၀၀ိ/-)တိတိတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်းသိရှိခဲ့ရပါသည်။

ဆက်လက်ပြီး ၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင်အမျိုးသားဘောလုံးအသင်း စခန်းသွင်းလေ့ကျင့်နေမှုများနှင့် ဝူရှူးအားကစားနည်းနှစ်လုံးပေါက်စခန်းသွင်းလေ့ကျင့်နေမှုများ ကို သွားရောက်ကြည့်ရှု့အားပေးခဲ့ကြောင်း ဆက်လက်သိရှိခဲ့ရပါသည်။