အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အောင်ပွဲရအားကစားသမားများအား ကြိုဆိုဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ မေလ(၁၇)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် (၃)နှစ်ဆက်တိုက်ချန်ပီယံဆုဖလားရရှိခဲ့သော ရှမ်းပြည်နယ်အမျိုးသားအသင်းနှင့် (၂)နှစ်ဆက်တိုက် တတိယဆုရရှိခဲ့သောအမျိုးသမီးအသင်းတို့အား ကြိုဆိုဂုဏ်ပြုခြင်း ၊ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၁၇.၅.၂၀၂၄)ရက်နေ့ ညနေ (၁၇:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ဝန်ကြီးများ၏ဇနီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အုပ်ချုပ်သူ/နည်းပြများ၊ အလှူရှင်များနှင့် ပြိုင်ပွဲဝင်ဆုရအားကစားသမားများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းများကို ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ကာ တံခွန်စိုက်ပထမဆုဖလားကြီးရရှိခဲ့တဲ့ ရှမ်းပြည်နယ်အမျိုးသားဘော်လီဘောအသင်းနှင့် တတိယဆုရရှိခဲ့တဲ့အမျိုးသမီးဘော်လီဘောအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားမှာ ယခုလိုအမှာစကားပြောကြားခွင့်ရတဲ့အတွက်များစွာ အားရဂုဏ်ယူမိပါကြောင်း ၊ ဒီနေ့ကျင်းပတဲ့ ပွဲဟာဆိုရင်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုချီးမြှင့်သည့်ပွဲဖြစ်တာနဲ့အညီ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ပွဲလေးပဲဖြစ်ပါကြောင်း ၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေဖို့ အောင်မြင်မှုတွေလက်ဝယ်ပိုင်ဆိုင်ရရှိစေဖို့အတွက် ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲတွေကအားပေးချီးမြှောက်ခဲ့ပါကြောင်း ၊ အလားတူရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ဂုဏ်ဆောင်ခဲ့သော အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောအသင်းတို့အားထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း ၊ ယခုလိုအောင်မြင်မှုအသီးအပွင့်ခံစားလာရတာကတော့ ရှမ်းပြည်နယ်အတွင်း ဘော်လီဘောအားကစားပြိုင်ပွဲများစွာကျင်းပပေးခြင်း ၊ Shan State Volleyball League ပြိုင်ပွဲများအား စဉ်ဆက်မပြတ်ကျင်းပပေးခဲ့ခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၌ အမျိုးသားအသင်းအနေဖြင့် ပြိုင်ဘက်အသင်းများအား ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး (၃)နှစ်ဆက်တိုက် ချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးရရှိခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ၊ (၂)နှစ်ဆက်တိုက် တတိယဆုရရှိခဲ့သော အမျိုးသမီးအသင်းကိုလည်း ထပ်တူဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ၊ နိုင်ငံတော်က အားကစားကိုအဘက်ဘက်မှ မြှင့်တင်ချီးမြှောက်နေချိန်ဖြစ်သလို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း အားကစားကိုအထူးအားပေးဆောင်ရွက်လျက်ရှိတာကို အားလုံးအသိဘဲဖြစ်ပါကြောင်း ၊ ပြည်နယ်ရဲ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးကြတဲ့ အားကစားသမားအားလုံးရဲ့ စွမ်းဆောင်နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ၊ ရှမ်းပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောအသင်းတို့ဟာဆိုရင် ၂၀၁၆ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်းကပထမဆု ၊ အမျိုးသမီးအသင်းက တတိယဆု ၊ ၂၀၁၉ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်းကော/အမျိုးသမီးအသင်းကော (၂)သင်းစလုံး ဒုတိယဆုများဖြင့်သာ ကျေနပ်ခဲ့ရပါကြောင်း ၊ ၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်းကပထမဆု ၊ အမျိုးသမီးအသင်းကတော့ ကွာတားဖိုင်နယ်အဆင့်ထိသာတက်ရောက်နိုင်ခဲ့ပါကြောင်း ၊ ၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်းကပထမဆု ၊ အမျိုးသမီးအသင်းအနေဖြင့်လည်း တတိယဆု ၊ ယခု ၂၀၂၄ခုနှစ်မှာတော့ ရှမ်းပြည်နယ် အမျိုးသားအသင်းအနေဖြင့် ပထမတံခွန်စိုက်ဆုအားလည်းကောင်း ၊ အမျိုးသမီးအသင်းအနေဖြင့်လည်း တတိယဆုတံဆိပ်များ ရရှိခဲ့၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထပ်လောင်းဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ၊ ဒါ့အပြင်ရှမ်းပြည်နယ်အသင်းကနေပြီး မြန်မာ့လက်ရွေးစင်ဘော်လီဘောအားကစားသမားအများဆုံးမွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း နှင့် ယခုရရှိထားသည့်အောင်မြင်မှုတွင် ရပ်တန့်မနေဘဲ နောင်လာမည့်ပြိုင်ပွဲများမှာလည်း ယခုထက်ပိုမို အောင်မြင်အောင်စွမ်းဆောင်ပြီး ပြည်နယ်နှင့်နိုင်ငံရဲ့ဂုဏ်ကို အားကစားဖြင့် ဆထက် ထမ်းပိုးတိုး၍ မြှင့်တင်နိုင်ကြစေလိုပါကြောင်း ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ရဲ့အားကစားအဆင့်အတန်းမြင့်မားလာစေရန်အတွက် ဘက်ပေါင်းစုံကနေ အမြဲတမ်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားကာ ဂုဏ်ပြုချီးမြှင့်ငွေများကိုဆက်လက်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၇၀)သိန်းနှင့် အလှူရှင်များမှ ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၁၃၅)သိန်း ၊ (၅)သောင်းကို ဆုရအားကစားသမားများအတွက် စုစုပေါင်းငွေကျပ် (၂၀၅)သိန်း ၊ (၅)သောင်း တိတိ/-အားဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အမျိုးသားဘော်လီဘောအသင်းအုပ်ချုပ်သူ က ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသွားခဲ့ကာပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ ဂုဏ်ပြုစားပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိခဲ့ရပါသည်။