အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား ခရိုင်‌‌ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်၊ မေ ၁၅။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၅) ရက် ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအားကစားကွင်းရှိ MFF ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ‌ကော်မတီ နာယက တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးများနှင့် တာ၀န်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာများ၊ ‌ဘောလုံးဝါသနာရှင်များ တက်‌ရောက်ကြည့်ရှု အား‌ပေးကြသည်။

ရှေးဦးစွာ နေ့လယ်ပိုင်းအချိန်က အမျိုးသမီး ဗိုလ်လုပွဲပြိုင်ပွဲအဖြစ် ကျောက်တံတားအသင်းနှင့် သင်္ဃန်းကျွန်းခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ (၁၁) ဂိုး ဂိုးမရှိဖြင့် ကျောက်တံတားခရိုင် အသင်းကလည်းကောင်း၊ ညနေပိုင်းအချိန်တွင် အမျိုးသားဗိုလ်လုပွဲပြိုင်ပွဲ မရမ်းကုန်းခရိုင်အသင်းနှင့် ဗိုလ်တထောင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ (၃) ဂိုး (၂) ဂိုးဖြင့် မရမ်းကုန်းခရိုင်အသင်းက လည်းကောင်း အသီးသီး အနိုင်ရဗိုလ်စွဲကြသည်။

အဆိုပါပြိုင်ပွဲများအပြီး ဆုပေးပွဲကို ကျင်းပရာ အမျိုးသား/အမျိုးသမီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုနှင့် ဂိုးသမားအကောင်းဆုံးဆု ရရှိသူများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန်နှင့် အတွင်းရေးမှူးတို့က လည်းကောင်း၊ အမျိုးသမီး တတိယဆုရ ကမာရွတ်ခရိုင်အသင်း၊ အမျိုးသား တတိယဆုရ မင်္ဂလာဒုံခရိုင်အသင်း၊ အမျိုးသမီး ဒုတိယဆုရ သင်္ဃန်းကျွန်းခရိုင်အသင်း၊ အမျိုးသား ဒုတိယဆုရ ဗိုလ်တထောင်ခရိုင်အသင်း၊ အမျိုးသမီး ပထမဆုရ ကျောက်တံတားခရိုင်အသင်းနှင့် အမျိုးသား ပထမဆုရ မရမ်းကုန်းခရိုင်အသင်းတို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသမီး ပထမဆုရ ကျောက်တံတားခရိုင်အသင်းနှင့် အမျိုးသား ပထမဆုရ မရမ်းကုန်းခရိုင်အသင်းတို့အား ငွေသားဆုများနှင့် ဆုဖလားတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားသမားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၄ ခုနှစ် မေ (၇) ရက်နေ့မှ (၁၅) ရက်ထိ ကျင်းပပြီး နေပြည်တော်တွင် ဇူလိုင် (၁၇) ရက်မှ (၂၄) ရက်ထိ ကျင်းပမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသား‌၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် ယခုပြိုင်ပွဲမှ အကောင်းဆုံး အားကစားသမားများကို စိစစ်ရွေးချယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်‌သည်။