အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ(၁၇)။

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် အားကစားသမားများအား နည်းစနစ်မှန်ကန်စွာ လေ့ကျင့်သင်ကြားပေးနိုင်စေရေးတို့ကို ရည်ရွယ်၍ အားကစားနည်းပြမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ဒုတိယဝန်ကြီး ဦးထိန်လင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နည်းပြများ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားနည်းပြမွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဖွင့်လှစ်ပေးခြင်းဖြင့် အရည်အချင်းပြည့်မီသော နည်းပြဆရာကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း အရည်အချင်းရှိသည့်နည်းပြများကို မြေတောင်မြှောက်ပေးလျက်ရှိပါကြောင်း၊ နည်းပြများအနေဖြင့်လည်း မိမိတို့၏အရည်အချင်းများ အစဉ်အမြဲတိုးတက်နေစေရန်နှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် အစွမ်းကုန်ကြိုးစားကြရန်လိုကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့သင်ခန်းစာများကို အခြားနည်းပြများကိုလည်း ပြန်လည်မျှဝေပေးရန်လိုကြောင်း၊ မိမိတို့၏လုပ်ငန်းနယ်ပယ်တွင်လည်း လက်တွေ့ကျကျ အကျိုးရှိရှိ ပြန်လည် အသုံးချပြီး ပြောင်းလဲတိုးတက်နေသည့် ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာသွားကြရန်မှာကြားလိုကြောင်း၊ နည်းပြသင်တန်းများကို ဖွင့်လှစ်ပေးခြင်းအားဖြင့် အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက် များကို အချိန်တိုအတွင်း သိရှိလေ့လာခွင့်ရရှိမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာအားကစားပြိုင်ပွဲများတွင် လက်ရှိကျင့်သုံးနေသည့် Rules and Regulations များကိုလည်း အလွယ်တကူ သိရှိ နားလည်မည်ဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့ကိုယ်တိုင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် နည်းပြကောင်းများဖြစ်လာစေရန်နှင့် မိမိတို့လေ့ကျင့်သင်ကြားပေးသည့် အားကစားသမားများကိုလည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများဖြစ်လာစေရန် မွေးထုတ်ပေးနိုင်သည့် နည်းပြကောင်းများဖြစ်လာစေရန် အထူးကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက သင်တန်းနည်းပြများကိုယ်စား ကိုယ်စားလှယ်(၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် သင်တန်းသားများကိုယ်စား ကိုယ်စားလှယ်(၂)ဦးအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။