အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မေ(၁၄)ရက်။

၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ အရှေ့တောင်အာရှနဲ့ အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တာကြောင့် မြန်မာဘောလုံးအသင်း အောင်မြင်မှုရရှိနိုင်ဖို့ မြန်မာ့လက်ရွေးစင် လူငယ်အသင်းများကို ကျောထောက်နောက်ခံအဖြစ် အင်အားအများဆုံး ဖြည့်တင်းပေးနိုင်မယ့် နေပြည်တော်အတွင်း လူငယ်ဘောလုံးပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပါကြောင်း၊ မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို ကျင်းပပေးရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ နေပြည်တော် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ သွေးသစ်လူငယ် ဘောလုံးသမားများပေါ်ထွက်လာစေရေး၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရေးတို့ကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ယှဉ်ပြိုင်ရတဲ့ အားကစားနည်းမဟုတ်ပဲ အသင်းလိုက်ယှဉ်ပြိုင်ရတဲ့ အားကစားနည်းဖြစ်တာကြောင့် တစ်ဦးနှင့်တစ်ဦး အပေးအယူ အချိတ်အဆက်မိမိ ၊ နားလည်မှုရှိရှိနဲ့ အသင်းလိုက်စုစည်းညီညွတ်ဖို့ လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအားလုံး မိမိတို့အသင်းအနိုင်ရရှိစေရန် အနိုင်မခံ အရှုံးမပေးဘဲ အားကစားစိတ်ဓာတ်အပြည့်အဝနဲ့ သန့်သန့်ရှင်းရှင်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရမှာ ဖြစ်ကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ဒီပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမယ့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြရန် ပြောကြားခဲ့ပြီး ၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ကို ရွတ်ဆိုကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဒက္ခိဏသီရိမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၁၄ ရက်မှ ၂၃ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။