“(၅)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်စွမ်းများမြှင့်တင်ရေးအစည်းအဝေး”သို့ လူငယ်ရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က Virtual စနစ်ဖြင့်တက်ရောက်
၂၀၂၄ ခုနှစ်၊ မေလ(၉)ရက်။
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ အာဆီယံသဘာဝဘေးအန္တရာယ်များ စီမံခန့်ခွဲမှုဆိုင်ရာကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၂၄ ခုနှစ်၊ မေလ(၉)ရက်နေ့ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့တွင် လည်းကောင်း၊ virtual စနစ်ဖြင့် လည်းကောင်း Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “(၅)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်စွမ်းများမြှင့်တင်ရေးအစည်းအဝေး” သို့ လက်ရှိ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ ဥက္ကဋ္ဌ (SOMY Chair)အဖြစ် ဆောင်ရွက်နေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ(၁၃:၃၀)နာရီမှ (၁၆:၄၅)နာရီအထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရုံးခန်းတွင် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ ဥက္ကဌ (SOMY Chair)၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ အာဆီယံအဖွဲ့ဝင် နိုင်ငံ(၇)နိုင်ငံတို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သော “အာဆီယံစေတနာ့ဝန်ထမ်းများအစီအစဉ်”နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။