အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပဖွင့်လှစ်သည့် ပြည်နယ်အဆင့် ကင်းထောက်နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

တောင်ကြီးမြို့၊ မေလ(၈)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပဖွင့်လှစ်သည့် ပြည်နယ်အဆင့်ကင်းထောက်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ် / ခရိုင် / မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ကင်းထောက်နည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်တဲ့သင်တန်းဟာ ပြည်နယ်အဆင့်ကင်းထောက်နည်းပြသင်တန်းဘဲဖြစ်ပါကြောင်း ၊ ယခုနည်းပြသင်တန်းပြီးဆုံးသွားရင် တစ်ပြည်နယ်လုံး (၁၆)ခရိုင်အတွက် အခြေခံပညာကျောင်း (၂၇)ကျောင်းမှာ အခြေခံကင်းထောက်လူငယ် (၁၀၈၀)ဦးတို့ကို ပြန်လည်ပို့ချပေးရမှာဖြစ်ပါကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်(၉)ရပ်မှ လူမှုရေးဦးတည်ချက်(၃)ချက်ထဲက (ဂ)အချက်ဖြစ်သည့် နိုင်ငံတော်၏ ” ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး “ ဆိုတဲ့နိုင်ငံတော်၏ ဦးတည်လိုလားချက်နှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်တဲ့လုပ်ငန်းစဥ် တစ်ရပ်လည်းဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံကင်းထောက်အမျိုးသား ကောင်စီဌာနချုပ်လည်းရှိခဲ့ပါကြောင်း ၊ အဲဒီ့ဌာနချုပ်ရဲ့ကျက်သရေဆောင် ဥက္ကဌအဖြစ် နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်က ဆောင်ရွက်ခဲ့ပါကြောင်း ၊ ၁၉၅၂ ခုနှစ်မှာ မြန်မာနိုင်ငံကင်းထောက်ဦးရေ (၄၆၃၇)ဦး ရှိခဲ့တယ်လို့လည်း မှတ်တမ်းများအရသိရှိခဲ့ရပါကြောင်း ၊ မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်းကို ၁၉၁၆ ခုနှစ် ၊ ဩဂုတ်လမှာ ကမ္ဘာ့ကင်းထောက် အမျိုးသမီးအဖွဲ့ချုပ်က မြန်မာအသင်းကို အသိအမှတ်ပြုခဲ့ပါကြောင်း ၊ အမျိုးသားကင်းထောက်အဖွဲ့ကို ၁၉၂၀ ပြည့်နှစ်တွင် သီးခြားလွတ်လပ်သောအဖွဲ့အစည်းအဖြစ် နိုင်ငံတော်ကတာဝန်ယူ၍ စတင်ဖွဲ့စည်းခဲ့ပါကြောင်း ၊ မြန်မာကင်းထောက်အသင်းအနေဖြင့် ၁၉၅၃ ခုနှစ်မှာ ကမ္ဘာ့ကင်းထောက် ညီလာခံကို ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ရသည့် မှတ်တမ်းများလည်းရှိပါကြောင်း ၊ အမျိုးသားကင်းထောက်အဖွဲ့ကို ၁၉၆၄ ခုနှစ်ကစပြီး ကင်းထောက်လှုပ်ရှားမှုရပ်တန့်သွားခဲ့ရာမှ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှစ၍ မြန်မာလူငယ်များကို ကမ္ဘာ့နိုင်ငံများနည်းတူ ကင်းထောက်စိတ်ဓာတ်၊ ကင်းထောက်လုပ်ရပ်များ သိရှိလာကြစေရန် လမ်းညွှန်မှုပြုခဲ့သဖြင့် ပညာရေးဝန်ကြီးဌာနကို တာဝန်ပေးချက်အရ ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလမှာ သင်တန်းသား (၉၈)ဦးတို့ကို ဗဟိုအဆင့် နည်းပြသင်တန်း ဖွင့်လှစ်ပို့ချခဲ့ပြီး ပြန်လည်အသက်ဝင်လှုပ်ရှားစေခဲ့တာဖြစ်ပါကြောင်း၊ ၁၉၁၆ ခုနှစ်၊ ဩဂုတ်လမှာ ကမ္ဘာ့ကင်းထောက်အမျိုးသမီးအဖွဲ့ချုပ်က အသိအမှတ်ပြုခဲ့တဲ့ မြန်မာကင်းထောက်အဖွဲ့ချုပ်အား ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်၏ (၁၆၄)နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့မှာ တရားဝင်အသိအမှတ်ပြု ကြေငြာခြင်းခံရတဲ့အတွက် ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလမှာပဲ မြန်မာနိုင်ငံကင်းထောက်ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း အစရှိသည်များကိုပြောကြားသွားခဲ့ကြောင်း သိရှိခဲ့ရကာ အဆိုပါသင်တန်းအတွက် ပြည်နယ်ဝန်ကြီးချုပ်မှ အလှူငွေ (၄၃၇,၅၁၃၀၀ိ/-) (ကျပ်လေးရာသုံးဆယ့်ခုနစ်သိန်းငါးသောင်းတစ်ထောင်သုံးရာတိတိ/-)အား ပေးအပ်လှူဒါန်းခဲ့ပြီး ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ကင်းထောက်နည်းပြနှင့် သင်တန်းသား/သင်တန်းသူ(၁၆၂)ဦးအတွက် ကင်းထောက်လည်စည်းများအားလည်းကောင်း ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးမှ လူငယ်ကင်းထောက်သင်တန်းသားလက်စွဲမှတ်စုစာအုပ် (၁၂၀၀)အုပ်အား ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရှိခဲ့ရပါသည်။