ဒုတိယဝန်ကြီး ဦးထိန်လင်း ပဏာမလက်ရွေးစင်မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲအား ကြည့်ရှုအားပေးခြင်းနှင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၇)ရက်။
နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်စစ်မြားပစ်ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ Recurve တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပြည့်စုံနှင်းနှင့် ဒုတိယဆုရရှိသည့် သီဟထက်ဇော်တို့ကို မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတောက်ထွန်းကလည်းကောင်း၊ ပထမဆုရရှိသည့် သီတာနွယ်ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက လည်းကောင်း၊ Compound တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အောင်ကိုဦးနှင့် ဒုတိယဆုရရှိသည့် စုစုလှိုင်တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးကလည်းကောင်း၊ ပထမဆုရရှိသည့် ဇင်သူရိန်မှူးကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ အတိုးတက်ဆုံးအမျိုးသား အားကစားသမားဆုရရှိသည့် Compound အားကစားသမား အောင်ကိုဦးနှင့် အတိုးတက်ဆုံးအမျိုးသမီး အားကစားသမားဆုရရှိသည့် Recurve အားကစားသမား သီတာနွယ်တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက လည်းကောင်း ဆုတံဆိပ်နှင့် ဆုကြေးငွေများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်အားကစားကွင်းရှိ အထူးတန်းပွဲကြည့်စင်၊ အားကစားရုံနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ Training Center (TC-2)ရှိ အားကစားကွင်း/အားကစားရုံများအားလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစား ကွင်းရှိ အားကစားခန်းမ၊ အထူးတန်းပွဲကြည့်စင်နှင့် အလေးမနှင့် ကာယကြံ့ခိုင်မှု အားကစားခန်းမ တို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။