နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက်
ဇမ္ဗူသီရိ ဇန်နဝါရီလ(၃၀)ရက်။
နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်ပေါင်းစုံကကြိုးစားနေပြီး လူငယ်ကဏ္ဍကို အထူးအလေးထားဆောင်ရွက်နေလျက်ရှိကြောင်း၊ မိမိတိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအား နိုင်ငံကိုချစ်သည့်စိတ် ၊ တိုင်းပြည်ကိုချစ်သည့်စိတ်၊ အမျိုးဘာသာ သာသနာကို ချစ်သည့်စိတ်၊ စာရိတ္တကိုယ်ကျင့်တရားကောင်းမွန်ပြီး ကိုယ်ချင်းစာစိတ်၊ စည်းကမ်းကောင်းမွန်မှု စသည့် အချက်များကို ဆရာ ဆရာများ၊ မိဘများ လေ့ကျင့်ပျိုးထောင်ကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာများအပြင် ကျောင်းပြင်ပ အထွေထွေဗဟုသုတများ၊ နိုင်ငံတကာ ဗဟုသုတများကို လေ့လာပြီး ဗလငါးတန်နှင့်ပြည့်စုံကာ ဘက်စုံထူးချွန်သော လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူ လူငယ်တွေအနေဖြင့် တစ်ဦးချင်းဘဝတိုးတက်အောင် ကြိုးစားပြီး မိမိတို့မိသားစု၊ မိမိတို့တိုင်းပြည်အတွက် အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် အနာဂတ် သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် စာရေးဆရာမကြီး ခင်လေး (ပြည်ထောင်စုနယ်မြေ)က လူငယ်များအတွက် “လူငယ်နှင့် စိတ်ဓာတ်ခွန်အား” ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောသည်။ ယင်းနောက် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြာရေးမှူး ဦးကြည်စိုးလင်းက ကျောင်းသား ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိ မေးခွန်းများမေးမြန်းရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်တို့က အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများနှင့် ဉာဏ်စမ်းပဟေဠိ မေးခွန်းများဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များ ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။