၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ စတင်ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ(၂၆)။
ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။
ယနေ့ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ်(၆၁)မှတ်၊ (၄၂) မှတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ်(၅၅) မှတ်၊ (၄၁)မှတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသင်းကို ရမှတ်(၅၄)မှတ်၊ (၄၄)မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ်(၂၃)မှတ်၊ (၁၆)မှတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ်(၃၃)မှတ်၊ (၁၆)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ်(၄၈)မှတ်၊ (၃၄)မှတ်ဖြင့်လည်းကောင်းအသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။
အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားဝါသနာရှင်များလာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၂၇)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့်ရှမ်းပြည်နယ်အသင်း၊ ကချင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။