အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ လူငယ်စကားဝိုင်းနှင့် လူငယ်လေ့လာရေး ခရီးစဉ် (၁/၂၀၂၄)အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၂၃)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ လူငယ်စကားဝိုင်းနှင့် လူငယ်လေ့လာရေးခရီးစဉ် (၁/၂၀၂၄) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြာရာတွင် လူငယ်ရေးရာဦးစီးဌာန၏ မူဝါဒရည်မှန်းချက်နှင့် လုပ်ငန်းစဉ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ လူငယ်စကားဝိုင်းများနှင့် လူငယ်လေ့လာရေးခရီးစဉ်များပါဝင်ပြီး လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဗဟိုချက်ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူသား အရင်းအမြစ်များဖြစ်သည့် လူငယ်များ ဒေသန္တရဗဟုသုတရရှိစေရေး၊ အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ လူငယ်များအကြား ခေတ်မီနည်းပညာများနှင့် အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်စေရေး၊ အားကစားလှုပ်ရှားမှုများကို စိတ်ပါဝင်စားလာစေရေးတို့အတွက်ရည်ရွယ်ပြီး လူငယ်လေ့လာရေးခရီးစဉ်ကို ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း (၃)ကြိမ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယနေ့လူငယ်လေ့လာရေးခရီးစဉ်တွင် တက္ကသိုလ်ကျောင်းများနှင့် ကောလိပ်များမှ ကျောင်းသား/ကျောင်းသူ လူငယ်များပါဝင်သည့် လူငယ်စကားဝိုင်းနှင့် လူငယ်လေ့လာရေးခရီးစဉ်ကို စတုတ္ထအကြိမ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကြီး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူမှုအရင်းအမြစ်များ၊ ဉာဏအရင်းအမြစ်များကို အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံကြပြီး မျိုးဆက်သစ်လူငယ်များအား ပြုစုပျိုးထောင်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာတတ်လူ့အရင်းအမြစ်များပေါများစေရန် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်၏ အကောင်းအဆိုးသည် လူငယ်များ၏ စွမ်းဆောင်ရည် ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့အပေါ်မှီတည်နေရာ တိုင်းပြည်၏ အခန်းကဏ္ဍအားလုံးကို ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးနှင့် နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် နိုင်ငံတော်အနေဖြင့် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဆယ်ကျော်သက် လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓါတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓါတ်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပပြုလုပ်ပေးလျက်ရှိပြီး လူငယ်များ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် နည်းပညာပေးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် “ စာပေ၊ယဉ်ကျေးမှု၊အားကစား” ဆိုသည့် ကဏ္ဍ(၃)ရပ်သည် မရှိမဖြစ် အရေးပါသည့် အခန်းကဏ္ဍများတွင် ပါဝင်လျက်ရှိသည့်အတွက် စာပေမြင့်မှ လူမျိုးတင့်မည်၊ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မှ အမျိုးသားရေးကို ထိန်းသိမ်းနိုင်မည်၊ အားကစားလှုပ်ရှားမှုဆောင်ရွက်မှသာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မည်၊ အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ဂုဏ်၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာဖြစ်သည့်အတွက် အားကစားသည် ပညာရေးနှင့် ကျန်းမာရေးအစီအစဉ်တွင် လူငယ်များပါဝင်လာစေရန် ဆွဲဆောင်နိုင်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး သင်ယူမှုစွမ်းရည်ကို တိုးတက်စေခြင်း၊ ယှဉ်ပြိုင်မှုများတွင် အောင်နိုင်ခြင်းနှင့် ရှုံးနိမ့်ခြင်းအပေါ် မည်သို့ရင်ဆိုင်ရမည်ကို သိမြင်လာစေနိုင်မည်ဖြစ်ကြောင်း၊ ယခုလေ့လာရေးခရီးစဉ်သို့ လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပတ်ဝန်းကျင် အသစ်တစ်ရပ်နှင့် ထိတွေ့ရမှုကြောင့် စိတ်ကိုလန်းဆန်းစေနိုင်ပြီး ဖန်တီးမှုအားကောင်းအောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်မည်ဖြစ်သည့်အတွက် လေ့လာမှတ်သားသင့်သည်တို့ကို အကျိုးရှိစွာ လေ့လာသင်ယူမှတ်သားပြီး ယနေ့စကားဝိုင်း၏ ဆောင်ပုဒ်ဖြစ်သည့် “ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ နည်းပညာများမျှဝေစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်သည့်အခါ လူငယ်များအနေဖြင့် မိမိတို့စိတ်ပါဝင်စားသည့်၊ သင်ယူထားသည့် နည်းပညာများကို စကားဝိုင်းတွင် မျှဝေရင်း နိုင်ငံ့အကျိုးကို တစ်ဖက်တစ်လမ်းမှ သယ်ပိုးထမ်းဆောင်နိုင်ကြသည့် လူငယ်မောင်မယ်များ ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး “ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာများမျှဝေစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း အစီအစဉ်အား ကျင်းပခဲ့ပြီးနောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူများကို မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ပထမပိုင်းအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် ဒုတိယပိုင်းအခမ်းအနားအားဆက်လက်ကျင်းပခဲ့ရာ Fitness Dance အဖွဲ့မှ သရုပ်ပြကပြဖျော်ဖြေခြင်းနှင့် လူငယ်များစုပေါင်း Games ကစားခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများတွင် မြန်မာနိုင်ငံ၏ အစဉ်အဆက် အားကစားအောင်မြင်ခဲ့မှုများ၊ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သည့် ထင်ရှားသည့် အားကစားသမားများ၏ ပုံတူရုပ်တုများကိုပြသထားသည့် ပြခန်းများအားလေ့လာခြင်းနှင့် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအား လေ့လာခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။