Recurve မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ(၂၀)။
မြားပစ်အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ရည်ရွယ်၍ နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး) ကျောင်းတို့မှ မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် Recurve (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်းပြိုင်ပွဲနှင့် (Mixed Team) များ၏ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ Recurve (အမျိုးသမီး) ရှုံးထွက်ပြိုင်ပွဲတွင် ပထမ ချိုချိုဇင် (Youth Camp)၊ ဒုတိယ သင်းသင်းဌေး (Youth Camp)နှင့် တတိယ ခင်သူဇာထွန်း (Youth Camp)နှင့် Recurve (အမျိုးသား) ရှုံးထွက်ပြိုင်ပွဲတွင် ပထမ ရူပီအောင် (မန္တလေး)၊ ဒုတိယ ပြေငြိမ်း (ရန်ကုန်)နှင့် တတိယ သီဟမင်းထက် (ရန်ကုန်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက လည်းကောင်း၊ Recurve (Mixed Team) ရှုံးထွက်ပြိုင်ပွဲတွင် အင်ဒေါင်ဂျာဆိုင်းအွန်နှင့် ရူပီအောင် (မန္တလေး)တို့အတွဲက ပထမ၊ အွမ်စိမ်းပိုင်နှင့် ပြေငြိမ်း (ရန်ကုန်)တို့အတွဲက ဒုတိယနှင့် အိအိစန်းနှင့် ထူးထက်အောင် (မန္တလေး)တို့အတွဲက တတိယနှင့် အတိုးတက်ဆုံးအမျိုးသမီးအားကစားဆုရရှိသည့် အင်ဒေါင်ဂျာဆိုင်အွန်(မန္တလေး)နှင့် အတိုးတက်ဆုံးအမျိုးသားအားကစားဆုရရှိသည့် ပြေငြိမ်း(ရန်ကုန်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၎င်းပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တို့တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေး ကွင်း၌ကျင်းပခဲ့ရာ အားကစားသမား စုစုပေါင်း(၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။