အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

တောင်ကြီး၊ ဇန်နဝါရီလ(၁၇)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား (၁၇.၁.၂၀၂၄)ရက်နေ့ ညနေ (၁၅:၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများက အားကစားကွင်းအတွင်း၌နေရာယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အား စစ်ကြောင်းမှူးမှ ဦးဆောင်ကာ အလေးပြုတန်းအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။ ပြည်နယ်ဝန်ကြီးချုပ်မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော အ.ထ.က(၃)ဘင်ခရာအဖွဲ့ နှင့်ပန်းပွားအကအဖွဲ့ များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကာ ဖွင့်ပွဲ ပွဲစဥ်အဖြစ် လားရှိုးမြို့နယ်အသင်းနှင့် ဆီဆိုင်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ ဘောလုံးပြိုင်ပွဲကို (၁၇.၁.၂၀၂၄)ရက်နေ့မှ (၁.၂.၂၀၂၄)ရက်နေ့ထိ ပြိုင်ပွဲဝင်အသင်း (၂၇)သင်း နှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၄၈၆)ဦးဖြင့် အုပ်စု (၈)စုခွဲကာ ပြိုင်ပွဲကွင်း(၃)တို့တွင် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။