အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁၀)။

စက်ဘီးအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်စက်ဘီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပတ်လမ်းတွင် ကျင်းပသည်။

စက်ဘီးအမျိုးသမီး(၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသား(၁၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသမီး(၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုကို မကွေးတိုင်းဒေသကြီးအသင်းက စံချိန် (၁၃:၂၃.၆၄)စက္ကန့် ဖြင့်လည်းကောင်း၊ ဒုတိယဆုကို တနင်္သာရီတိုင်းဒေသကြီးအသင်းက စံချိန်(၁၃:၄၆.၂၃)စက္ကန့်ဖြင့်လည်းကောင်း၊ တတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းက (၁၄:၀၄.၇၄)စက္ကန့်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

စက်ဘီးအမျိုးသား(၁၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုကို မန္တလေးတိုင်းဒေသကြီး အသင်းက စံချိန် (၁၈:၀၆.၁၃)စက္ကန့်ဖြင့်လည်းကောင်း၊ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းက စံချိန်(၁၈:၅၃.၁၂)စက္ကန့်ဖြင့်လည်းကောင်း၊ တတိယဆုကို မကွေးတိုင်းဒေသကြီးအသင်းက စံချိန်(၁၉:၁၈.၀၀) စက္ကန့်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် စက်ဘီးအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပတ်လမ်းတွင် အမျိုးသမီး(၉)ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲနှင့် အမျိုးသား(၁၅)ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။