အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲစတင်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၉)။

စက်ဘီးအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်စက်ဘီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ (၅၁)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပတ်လမ်းတွင် ကျင်းပသည်။

စက်ဘီးပြိုင်ပွဲ တစ်ဦးချင်းပွဲစဉ်များအဖြစ် အမျိုးသမီး မီတာ(၅၀၀)၊ အမျိုးသား မီတာ(၁၀၀၀)၊ အမျိုးသမီး မီတာ(၃၀၀၀)နှင့် အမျိုးသား မီတာ(၃၀၀၀)ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသမီး မီတာ(၅၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ကြယ်စင်လင်းလက်က စံချိန်(၄၁.၈၄)စက္ကန့်ဖြင့် ၂၀၂၂ ခုနှစ်က တနင်္သာရီတိုင်းဒေသကြီးမှ စိုးစန္ဒာဝင်း တင်ခဲ့သည့် စံချိန်(၄၂.၀၉)စက္ကန့်ထက် သာလွန်ကောင်းမွန်၍ စံချိန်သစ်တင်နိုင်ခဲ့ပြီး ပထမဆုကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ မြမှူးဘိုက စံချိန် (၄၂.၃၁)စက္ကန့်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ကေဇင်ဖြိုးက စံချိန် (၄၃.၂၁)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

စက်ဘီး(အမျိုးသား) မီတာ(၁၀၀၀)တစ်ဦးချင်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ရှိုင်းထက်အောင်က စံချိန်(၁:၀၂.၁၇) စက္ကန့်ဖြင့် ၂၀၂၂ ခုနှစ်က ၎င်းကိုယ်တိုင်တင်ခဲ့သည့် စံချိန်(၁:၀၇.၆)စက္ကန့်ထက် သာလွန်ကောင်းမွန်၍ စံချိန်သစ်တင်နိုင်ခဲ့ပြီး ပထမဆုကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ မင်းလက်ျာက စံချိန်(၁:၀၂.၂၁)စက္ကန့်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ရဲမြတ်ကျော်က စံချိန်(၁:၀၄.၁၅)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

စက်ဘီး(အမျိုးသမီး) မီတာ(၃၀၀၀)တစ်ဦးချင်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ခင်နှင်းဝေက စံချိန် (၄:၁၈.၂၁)စက္ကန့်ဖြင့် ပထမဆုကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ သက်မေမိုးဦးက စံချိန်(၄:၂၁.၈၆)စက္ကန့်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ မိုးမိုးကြည်က စံချိန် (၄:၃၅.၃၁)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသား မီတာ(၃၀၀၀)တစ်ဦးချင်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ရှိုင်းထက်အောင်က စံချိန်(၃:၂၈.၀၉)စက္ကန့်ဖြင့် ပထမဆုကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ မင်းလက်ျာက စံချိန်(၃:၃၉.၃၁)စက္ကန့်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဝေလျှံအောင်က စံချိန်(၃:၄၂.၈၄)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပတ်လမ်းတွင် အမျိုးသမီး(၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသား(၁၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။