အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁)။

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ပေါ်ထွက် လာစေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြို ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ နံနက်(၉)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ၊(၁)ပွဲဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို (၃)ပွဲ ပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး)ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး)ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း တို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။