အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ အရာထမ်း/အမှုထမ်းများ၏ ၂၀၂၄ခုနှစ်၊ နှစ်သစ်ကူးကြိုဆိုပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၉)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ၏ ၂၀၂၄ခုနှစ်၊နှစ်သစ်ကူးကြိုဆိုပွဲနှင့် မိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁၄:၀၀)အချိန်၌ လူငယ်ရေးရာဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနသည် ဖွဲ့စည်းခဲ့သည်မှာ (၁)နှစ်ကျော်ခန့်သာ ရှိသေးသော်လည်း ရည်မှန်းချက်များပြည့်မီစေရေး ဝန်ထမ်းများအားလုံးက ကြိုးစားဆောင်ရွက်ပေးနေသည့်အတွက် ချီးကျူးဂုဏ်ယူပါကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေး အတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုလိုနှစ်သစ်ကူးကြိုဆိုပွဲတွင် ဝန်ထမ်းမိသားစုများနှင့် ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်ရပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး လူငယ်ရေးရာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများမှ “လူငယ်ဆိုတာ” သီချင်း၊ “ရွှေမန်းတောင်ရိပ်ခို” သီချင်း၊ “တောင်ယာဝင်ချိန်” သီချင်း၊ “ဒုံးယိမ်းအက” သီချင်းများဖြင့်သီဆိုကပြဖျော်ဖြေခြင်း၊ တက်ရောက်လာသည့် ဧည့်သည်တော်များအား အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ နှစ်သစ်ကူးလက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းနှင့် ကံစမ်းမဲများ ဖွင့်ဖောက်‌ပေးခြင်းတို့ကို‌ ဆောင်ရွက်ခဲ့ပြီးနောက် “လက်တီး” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ နှစ်သစ်ကူးကြိုဆိုပွဲ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။