အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၃၁)။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများပေါ်ထွက်လာစေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။

ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ပြိုင်ပွဲ(၁)ရက်နားမည်ဖြစ်ပြီး ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ တတိယလုပွဲ ပွဲစဉ်အဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။