အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ(၂၇)ရက်။

နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ နေပြည်တော်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဝင်များ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းပို့ချမည့် ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာနေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ အသက်(၁၅)နှစ်မှ (၃၅)နှစ်အောက်လူငယ်များကို နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာရပ်များကို သင်ကြားပေးမည့်သင်တန်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိလူငယ်များ အသိပညာ၊ အတတ်ပညာများပြည့်စုံပြီး အတွေးမှန်၊ အမြင်မှန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိဖို့ လိုအပ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်ကအားထားရမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြောင်း၊ လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံ၍ ကိုယ်ကျင့်တရားနှင့် စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်က ရည်မှန်းချက်ထားပြီး ဘက်ပေါင်းစုံက ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိသည့် လူငယ်များကို ကုန်ထုတ်လုပ်မှု အတတ်ပညာတစ်ခုတတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ပြန်လည်မျှဝေခြင်းဖြင့် လူငယ်များကြား ကုန်ထုတ်လုပ်မှုအတတ်ပညာတစ်ခုပြန့်ပွားတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပေါ်ပေါက်လာစေရန်၊ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ (MSME) အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာစေရေး အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြသည့် လူငယ်များအနေဖြင့် သင်တန်းမှ သင်ကြား ပေးသည့် အတတ်ပညာများကို အမှန်တကယ်တတ်မြောက်ပြီး ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်စီးပွားရေးတို့ဖြင့် အရည်သွေးပြည့်မီသည့် ကုန်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချဖြန့်ဖြူး နိုင်သည့် အဆင့်ထိရောက်ရှိအောင် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ ထို့အပြင် သင်ယူတတ် မြောက်သည့် နည်းပညာများကို အခြားလူငယ်များအား မျှဝေပြီးပြန်လည်သင်ကြား တတ်မြောက် စေခြင်းဖြင့် လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက် ရင်းနှီးမြှုပ်နှံကာ အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တည်ထောင်ဆောင်ရွက်နိုင်ရန် ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ယင်းနောက် သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားပြီး သင်တန်းတွင် သင်ကြားမည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါသင်တန်းသို့ လယ်ဝေးမြို့နယ် နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ သင်တန်းသား/သင်တန်းသူ(၃၂)ဦး တက်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာ ၂၇ ရက်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့အထိ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။