အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၃)။

ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှု ရရှိလာစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေးနှင့် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နေ့လယ်(၁)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စွမ်းအင်ဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲများသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ဒီဇင်ဘာ(၂၄)ရက်နေ့ မွန်းလွဲ(၁)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် ဗဟိုဘဏ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။