အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ ဒီဇင်ဘာလ(၂၀)ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲအား ပထမဆုံးရွှေ့ကွက်ဖြင့် ဖွင့်လှစ်ပေးပြီး စစ်တုရင်ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ကြက်တောင်ရိုက် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် လူမှုရေးရာဝန်ကြီးဌာန(၂)အသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ လူမှုရေးရာဝန်ကြီးဌာန(၂)အသင်းမှ မြန်မာနိုင်ငံရဲတပ်အဖွဲ့ အသင်းအား(၂)ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ်ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် တတိယဆုရရှိသည့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက အမျိုးသား စစ်တုရင်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် စီးပွားရေးရာ၊တိုင်းရင်းသားရေးရာ၊ဥပဒေအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိကြသည့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စီးပွားရေးရာ၊ တိုင်းရင်းသားရေးရာ၊ ဥပဒေအသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တတိယဆုရရှိကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့အားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိကြသည့် သယံဇာတရေးရာဝန်ကြီးဌာနအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းတို့အား ဆုတံဆိပ်များနှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲတွင် ပထမဆုရရှိကြသည့် သယံဇာတရေးရာဝန်ကြီးဌာနအသင်းနှင့် စည်ပင်သာယာရေးအဖွဲ့အသင်းတို့အား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိကြသည့် စည်ပင်သာယာရေးအဖွဲ့အသင်းနှင့် လူမှုရေးရာဝန်ကြီးဌာနအသင်းတို့အား ဆုတံဆိပ်များနှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြပြီး ဆုရအားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။