အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ ဒီဇင်ဘာလ(၂၀)ရက်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စာပေအနုပညာရှင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ သာမဏေများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက လူငယ်နှင့်စာပေ အနုပညာတေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် မိမိတို့နိုင်ငံ၏ အထွတ်အမြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားဖြစ်သကဲ့သို့ လွတ်လပ်ရေးရရှိအောင် ကြံစည်ကြိုးပမ်းအားထုတ်ခဲ့ကြသည့် မိမိတို့၏ ဘိုဘွားမိဘများကို ပြန်လည်အမှတ်ရဂုဏ်ပြုသည့် အထိမ်းအမှတ်အခမ်းအနားကြီးဖြစ်သဖြင့် အင်မတန်ကျက်သရေမင်္ဂလာရှိသည့် အခမ်းအနားကြီးတစ်ခုဖြစ်သည်ကို ဂုဏ်ယူပြောကြားလိုပါကြောင်း၊ အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံ၏သမိုင်းဖြစ်ရပ်မှန်များကို ဆန်းစစ်လိုက်ပါက နယ်ချဲ့တို့၏ ဆိုးညစ်ယုတ်မာသည့်အကြံအစည်များ၊ ခြေလှမ်းများကို သတိထားသိမြင်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့အင်အားမတောင့်တင်းပါက၊ တစ်နည်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မခိုင်မာပါက အချုပ်အခြာအာဏာဆိုသည်မှာ အချိန်တိုတိုအတွင်း၌ပင် လက်လွတ်ဆုံးရှုံးရနိုင်သည်ဆိုသော ကြီးမားသည့်သင်ခန်းစာများကို မိမိတို့အားလုံး ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို ပြန်ကြည့်မည်ဆိုပါက ပြည်ထောင်စုတိုင်းရင်းသားလူမျိုး အားလုံးသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာ အေးအတူပူအမျှ အတူတကွ စည်းလုံးညီညွတ်စွာ နေထိုင်လာခဲ့ကြပါကြောင်း၊ ၁၉ ရာစုအတွင်း၌ နယ်ချဲ့ကိုလိုနီနိုင်ငံကြီးများ၏ လောဘဇောတိုက်ပြီး အပြိုင်အဆိုင် ကျူးကျော်ရန်ပြုခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံငယ်များသည် နယ်ချဲ့တို့၏ ကျွန်ပြုခံခဲ့ရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

မိမိတို့၏ဘိုးဘွားမိဘများသည် ကိုလိုနီနယ်ချဲ့တို့၏ ဆိုးညစ်ယုတ်မာမှုများ၊ သွေးခွဲသပ်လျှို အုပ်ချုပ်မှုများကြားက တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး ပြန်လည်လွတ်မြောက်အောင် အသက်သွေးချွေးများပေးဆပ်ရယူပေးခဲ့သည်မှာ (၇၆) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုလိုနီဘဝနယ်ချဲ့တို့၏ သွေးခွဲသပ်လျှို အုပ်ချုပ်မှု၏အကျိုးဆက်သည် တိုင်းရင်းသားများကြားတွင် ယနေ့အချိန်ထိ ကျန်ရှိနေဆဲဖြစ်သည်ကို မိမိတို့အားလုံး သတိပြုရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ပြိုကွဲပျက်စီးမှု မဖြစ်စေရေး ဝိုင်းဝန်းကာကွယ်ဆောင်ရွက်ပေးကြရန်နှင့် ခေတ်သစ်ကိုလိုနီဝါဒ၏ လုပ်နည်းလုပ်ဟန်များကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အသိတရား၊ သတိတရား လက်ကိုင်ထားပေးကြရန်အတွက် မျိုးဆက်သစ်လူငယ်များကို အသိပညာပေးကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရပင်ဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအရှိတရားအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးပန်းတိုင်၊ အမျိုးသားရေးတာဝန်ပင်ဖြစ်ပါကြောင်း၊ စစ်အေးခေတ်နှောင်းပိုင်းကာလများတွင် အင်အားကြီးသည့်နိုင်ငံကြီးများသည် အင်အားနည်းသည့်နိုင်ငံငယ်များအပေါ် ထိန်းချုပ်ခြယ်လှယ်နိုင်စေရန် သို့မဟုတ် ဩဇာလွှမ်းမိုးနိုင်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကဏ္ဍများကို မဟာဗျူဟာကျသည့် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ်ဆောင်ရွက်နေကြသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ အထူးသဖြင့် အင်အားကြီးနိုင်ငံတချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ၎င်းတို့၏ဩဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များနှင့် ထိုးဖောက်ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ကာ မီးမွှေးဆောင်ရွက်နေမှုများ၊ မတည်မငြိမ်ကမောက်ကမဖြစ်အောင် လုပ်ကြံဖန်တီးမှုမျိုးစုံနှင့် သွေးထိုး မြှောက်ပင့်ပေးနေကြပါကြောင်း၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ဆိုသည့်စကားလုံးများကို ရောင်းကုန် ပစ္စည်းကဲ့သို့သဘောထားပြီး လိုသလိုပုံဖော်ဖိအားပေးအကျပ်ကိုင်မှုများနှင့် နည်းလမ်းပေါင်းစုံ၊ အကြံအစည်ပေါင်းစုံ အသုံးပြုပြီး ၎င်းတို့၏ ဩဇာလောင်းရိပ်အောက် သွတ်သွင်းရန် ကြိုးစားနေကြပါကြောင်း၊ ယခုကဲ့သို့အခြေအနေတွင် မိမိတို့ကဲ့သို့ နိုင်ငံငယ်များအနေဖြင့် မိမိတို့၏နိုင်ငံတော်ကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ်နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲသွားနိုင်သကဲ့သို့ ၎င်းတို့အလိုကျ လိုသလို ပုံသွင်းလွှမ်းမိုးချုပ်ကိုင်မှုများ ကြုံတွေ့ရနိုင်ပါကြောင်း၊ ၎င်းတို့လက်အောက်ခံ၊ ဩဇာခံဖြစ်သွားနိုင်သည်ကိုလည်း အလေးအနက်သတိပြုကြရန် သတိပေးမှာကြားလိုပါကြောင်း၊ ထို့ပြင် ယနေ့အချိန်တွင် အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံနှင့် ပြည်သူလူထုအကျိုးကို လျစ်လျူရှုပြီး သံသယများ၊ ကိုယ်ကျိုးအတ္တများ၊ လွဲမှားသည့်အယူအဆများ လုပ်ဆောင်နေကြမည်ဆိုပါက နိုင်ငံအတွက် လွန်စွာအန္တရာယ်ကြီးမားပါကြောင်း၊ မိမိတို့အားလုံးက မှန်ကန်သည့်အသိ၊ မှန်ကန်သည့်သတိတရားများနှင့် နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကိုသယ်ပိုးပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ယခုကျင်းပသည့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နိုင်ငံသားတိုင်းက အထွတ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများကို သိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့်အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပကြခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန်ကြည့်မည်ဆိုပါက နိုင်ငံတိုင်းနီးပါးသည် မိမိတို့၏ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကြီး ဖွံ့ဖြိုးသာယာစေရန်အတွက် Social Capital ဟုခေါ်သည့်လူမှုအရင်းများ၊ Intellectual Capital ဟုခေါ်သည့် ဉာဏအရင်းများကို အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံကြပြီး မျိုးဆက်သစ်လူငယ်များကို ပိုမိုပြုစုပျိုးထောင်လာကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကြီးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မဖြစ်မနေဆောင်ရွက်ကြရသည့် ရင်းနှီးမြှုပ်နှံမှုများစွာအနက် လွန်စွာတန်ဖိုးရှိလှသည့် လူငယ်များ လူသားအရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ပြောရမည်ဖြစ်ပါကြောင်း။

မိမိအနေဖြင့် မကြာခဏပြောကြားနေသည့် အကြောင်းအရာတစ်ခုကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ တိုင်းပြည်တစ်ခု တိုးတက်ဖွံ့ဖြိုးခြင်း၏ အခြေခံသည် ပညာတတ်လူ့အရင်းအမြစ်များ ပေါကြွယ်ဝခြင်းပင်ဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်း များ မဖြစ်မနေလိုအပ်သည်ဟု မိမိအနေဖြင့် ယုံကြည်သည့် အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးရန်လိုသည်ကို မကြာခဏ တွန်းအားပေးပြောကြားခဲ့ပါကြောင်း၊ အားလုံးသိကြသည့်အတိုင်း လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အားကိုး အားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်တစ်ခုပင်ဖြစ်ပါကြောင်း၊ ခေတ်စနစ်များကို မည်သို့ပင် ဖြတ်သန်းကြရသည်ဖြစ်စေ၊ လူငယ်မျိုးဆက်များသည် အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စပိုင်းများတွင် ထူးချွန်ထက်မြက်နေရန် လိုအပ်နေမည်ဖြစ်ပါကြောင်း၊ ထိုသို့ဖြစ်ပေါ်နိုင်ရန်လည်း လူငယ်များ၏ ကြိုးစားအားထုတ်မှု အခွင့်အလမ်းနှင့်စွမ်းရည်မြှင့်တင်ရေးပိုင်းများကို ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင် တစိုက်မတ်မတ် တည်ရှိနေအောင် ဝိုင်းဝန်းကူညီပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်စွမ်းအားစုတစ်ရပ်လုံးကို နိုင်ငံတော်၏ အနာဂတ်များဖြစ်သည်ဟု ယုံကြည်တန်ဖိုးထားသည့်အတွက် လူငယ်ရေးရာမူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေး အစီအမံများကို ချမှတ်ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ အကြောင်းကြောင်းကြောင့် လမ်းမှားရောက်ပြီး အနာဂတ်ပျောက်ဆုံးနေသည့် လူငယ်လူရွယ်များကိုလည်း မိဘနှင့်သားသမီးကဲ့သို့ မေတ္တာထားကာ လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိစေရေး နည်းလမ်းများ ရှာဖွေဖော်ဆောင်ပေးလျက်ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို အရည်အချင်းပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် လူငယ်ရေးရာမူဝါဒများကို ခေတ်ကာလနှင့်ကိုက်ညီအောင် ပြင်ဆင်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်နှင့်စာပေအနုပညာပြပွဲများ၊ ကျောင်းသားအားကစားပြိုင်ပွဲများ၊ နွေရာသီအားကစား သင်တန်းများ၊ အာဆီယံနှင့် ဒေသတွင်းလူငယ်ဆိုင်ရာ နိုင်ငံတကာအစည်း အဝေးပွဲများနှင့် ပြပွဲပြိုင်ပွဲများတွင် တက်ရောက်ဆွေးနွေးပြသယှဉ်ပြိုင်ခြင်းများကို ဆောင်ရွက်ပေးနေသည့်အတွက် လူငယ်များ၏ အသိပညာနှင့် အတွေးအမြင်များ ပိုမိုဆန်းသစ်တိုးတက်လာစေခဲ့ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ ပါဝင်လာနိုင်စေရန် အခွင့်အရေးပေး ပြီး လက်တွဲဆောင်ရွက်ပေးကြရန်၊ လူငယ်များကို ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ချစ်မြတ်နိုးစေပြီး နိုင်ငံ့တာဝန်ကျေပွန်စေမည့် သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်၊ လူငယ်များ အနေဖြင့်လည်း အစဉ်လေ့လာသင်ယူမှုများနှင့် အတတ်ပညာ၊ အသိပညာပြည့်စုံပြီး နိုင်ငံ၏အနာဂတ် အတွက် အားကိုးအားထားပြုနိုင်မည့်သူများဖြစ်အောင် ကြိုးစားသွားကြပါဟု တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားမောင်မယ်များက အားကစားနည်းအလိုက် စွမ်းရည်ပြသခြင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က “ရှေ့သို့လှမ်းချီ မြန်မာပြည်” တေးသီချင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း နေပြည်တော်မှ ကျောင်းသား ကျောင်းသူများက “ဘက်စုံပညာရည်တို့လှမ်းချီ” တေးသီချင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ “နတ်မြင်းပျံ” ယိမ်းအက၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက “ပြည်ထောင်စုကြီး ထာဝရတည်တံ့စေသား” တေးသီချင်း၊ အဆိုတော်ယုန်လေးက “အနာဂတ် သူရဲကောင်း” တေးသီချင်း၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ရတနာများစွာ” တေးအော်ပရာ၊ အနုပညာရှင်များက “တာဝန်ကိုယ်စီထိန်းကြမည်” တေးသီချင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးနှင့် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “သျှောင်ပေစူး” တေးသရုပ်ဖော်အက၊ သာသနာရေးနှင့်ဝန်ကြီးဌာန အနုပညာဦးစီးဌာနက “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” တေးသီချင်းနှင့် ဖျော်ဖြေရေးအဖွဲ့များက “ပြည့်ရတနာ” တေးသီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပွဲတော်ပြခန်းများ ခင်းကျင်းပြသထားမှုကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို “ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်တွင် ဝန်ကြီးဌာနများမှ ပြခန်းများ ခင်းကျင်းပြသထားကာ ဖျော်ဖြေရေး အစီအစဉ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊ တိုင်းရင်းသားရိုးရာအစားအစာဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များ ခင်းကျင်းပြသထားပြီး မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ကြောင်း သတင်း ရရှိသည်။