အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ(၁၉)ရက်။

 National Fitness ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ ကွင်းအမှတ်(၃)နှင့် လယ်ဝေးအားကစားကွင်း(TC-2)တို့၌ ဆက်လက်ကျင်းပခဲ့သည်။

 ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ(၃)နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအသင်းကို (၄)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပညာရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာန အသင်းကို (၄)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် မွန်းလွဲ(၃)နာရီတွင် လယ်ဝေးကွင်း(TC-2)၌ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၄)ဂိုး၊ ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည်  ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဒီဇင်ဘာ(၂၀)ရက်နေ့ နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊  လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ မွန်းလွဲ(၃) နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်  ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ လယ်ဝေးကွင်း(TC-2)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။