အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဒီဇင်ဘာလ(၁၅)ရက်။

အလုပ်သမားဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအနေဖြင့် သင်ခန်းစာများကို မိမိလုပ်ငန်းခွင်တွင် စနစ်တကျကျွမ်းကျင်ပိုင်နိုင်စွာ ပြန်လည်အသုံးချတတ်စေရန် ကြိုးစားလေ့လာကြစေလိုကြောင်း၊ လျှပ်စစ်သွယ်တန်းသင်တန်းဆင်းများအနေဖြင့် NSSA ၏ လျှပ်စစ်စစ်ဆေးအကဲဖြတ်ခြင်းတွင် မိမိတို့ကျွမ်းကျင်မှုအလိုက် အသိအမှတ်ပြုလက်မှတ်များရရှိအောင် ဝင်ရောက်ဖြေဆိုနိုင်ကြောင်းနှင့် ဖြေဆိုလိုပါက NSSA အနေဖြင့် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ဆေးအကဲဖြတ်ရေး ကုန်ကျစရိတ်များကို နိုင်ငံတော်က ကျခံပေးနေသောကြောင့် ကုန်ကျစရိတ်မရှိ အခမဲ့ဝင်ရောက်ဖြေဆိုနိုင်ကြောင်း၊ NSSA ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရရှိထားသည့် လုပ်သား၏ ကျွမ်းကျင်မှုကို မိမိနိုင်ငံတွင်သာမက အခြားနိုင်ငံရှိလုပ်ငန်းရှင်များ၊ ကုမ္ပဏီများကပါ အသိအမှတ်ပြုလာကြောင်း၊ အသိအမှတ်ပြုလက်မှတ်ရ လုပ်သားများအနေဖြင့် အလုပ်အကိုင်ရရှိခြင်း၊ လုပ်ခလစာများတိုးမြှင့်ရရှိခြင်း၊ လုပ်ငန်းခွင်တည်မြဲခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက သင်တန်းသားထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြဆရာ၊ ဆရာမတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၊ ဆယ်လ်မာအွန်ဒုန်ခန်းမတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို နိုဝင်ဘာ(၂၀)မှ ဒီဇင်ဘာ(၁၅)ရက်အထိ သင်တန်းသား (၂၃)ဦးဖြင့် ဖွင့်လှစ်ပို့ချပေးခဲ့ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၌ လျှပ်စစ်သွယ်တန်းသင်တန်းအပြင် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော အသက်‌မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ လုပ်သားများ၏ ကျွမ်းကျင်မှုအလိုက် စစ်ဆေးအကဲဖြတ်ပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့နံနက်(၁၁)နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် နေ့လယ်စာအတူတကွ သုံးဆောင်သည်။

နေ့လယ်စာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ်အသိအမှတ်ပြုကြောင်းနှင့် ဝန်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်တာဝန်များ ကျေပွန်စွာတာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများကို အသိအမှတ်ပြုသည့်အတွက် နေ့လယ်စာမိတ်ဆုံစားပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများသည် အရာထမ်း/အမှုထမ်းများနှင့် နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြသည်။