အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ(၁၂)ရက်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ယနေ့နေ့လယ်(၁၃ :၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစား နှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဦးအောင်မြတ်စိုး၊ စာရေးဆရာ ဦးလင်းသိုက်ညွန့်၊ ဖိတ်ကြား ထားသောဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်း သူများ တက်ရောက်ကြပါသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုရောက်ရှိနေတဲ့ ကျောင်းသား/ကျောင်းသူများဟာ လူငယ်များဖြစ်ကြပြီး ဒီကနေ့ခေတ်တွင် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာ အရည်အသွေးပြည့်ဝတဲ့ လူငယ်အဖွဲ့အစည်းတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေဟာ ဆက်လက်ဖွံ့ဖြိုးတိုးတက်မည့် အလားအလာကောင်းတွေကို တွေ့မြင်နေရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရဲ့ အနာဂတ်တာဝန်များကို ပခုံးပြောင်းလွှဲယူနိုင်မယ့် လူငယ်များရဲ့ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဦးဆောင်နိုင်မှုနှင့် စိတ်ဓာတ်ရေးရာ မြင့်မားခိုင်မာမှုတို့ရှိရန် လိုအပ်ပါကြောင်း၊ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် နိုင်ငံတော်ကသာမက မိဘ၊ ဆရာ/ဆရာမများ က လက်ဦးဆရာများဖြစ်ကြသည့်အတွက် လူငယ်များအနေနဲ့ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် နှင့် ငြိမ်းချမ်းရေးလိုလားတဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်ဝတဲ့သူများဖြစ်အောင် ကြိုးစားနေထိုင်ကြပြီး တိုင်းပြည်အနာဂတ်ကို ဦးဆောင်နိုင်တဲ့ လူငယ်များဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ လူငယ်ရေးရာအသိပညာပေးဆိုင်ရာကိစ္စရပ်များကို ဆေးနွေးပြောကြားရာတွင် လူငယ်များဟာ အနာဂတ်ကိုပုံဖော်ရေးဆွဲကြမယ့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ လူငယ်တွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဂုဏ်အင်္ဂါရပ်များဖြစ်သည့် လျင်မြန်ခြင်း၊ ခွန်အားရှိခြင်း၊ ရဲရင့်ခြင်း၊ ဖန်တီးနိုင်ခြင်း၊ စွမ်းဆောင်နိုင်ခြင်း၊ ရိုးဖြောင့်ခြင်း၊ အမှန်တရားကို မြတ်နိုးတန်ဖိုးထားခြင်းနဲ့ အများအကျိုးကို ဆောင်ရွက်လိုစိတ်ရှိခြင်းများ ပါဝင်နေတာဖြစ်လို့ တာဝန်ရှိသူ လူကြီးများအနေဖြင့် လူငယ်များရဲ့ စွမ်းဆောင်နိုင်မှုအပေါ် အသိအမှတ်ပြုပြီး လက်တွဲခေါ်ဆောင် ပြုစုပျိုးထောင် လမ်းညွှန်ပြသ ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေနဲ့ လူသားအရင်းအမြစ်များဖြစ်တဲ့ အသိပညာရှင်၊ အတက်ပညာရှင်များကို မွေးထုတ်ပေးနိုင်ရန်အတွက် အခြေခံပညာအထက်တန်းကျောင်းတွေမှာ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်တွေအပြင် စိုက်ပျိုးမွေးမြူ၊ စက်မှုပညာရပ်များကို အခြေခံပညာ ဒီပလိုမာသင်တန်းများမှတဆင့် အဆင့်မြင့်ပညာရပ်များသို့ အဆင့်ဆင့်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်းဖွံ့ဖြိုးရေးအတွက် အားကစားကို အရှိန်အဟုန်မြင့်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန် လမ်းညွှန်မှုများ ချမှတ်ပေးမှုအပေါ် ကျောင်းသားအားကစားပွဲတော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး လာမယ့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာလည်း ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များအနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓါတ်၊ ငြိမ်းချမ်းရေးလိုလားတဲ့ စိတ်ဓါတ်တွေနဲ့ စည်းကမ်းသေသပ်သူများဖြစ်အောင် ကြိုးစားနေထိုင်ပြီး မိမိတို့တိုင်းပြည် အနာဂတ်လှပအောင် ဦးဆောင်နိုင်တဲ့ လူငယ်များဖြစ်အောင် ကြိုးစားသွားကြပါလို့ ပြောကြားခဲ့ပါသည်။

ထို့နောက် စာရေးဆရာ ဦးလင်းသိုက်ညွန့် မှ ” လူငယ်ဘဝမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် လူငယ်များကို အသိပညာပေးဟောပြောပြီးနောက် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ စာရေးဆရာ ဦးလင်းသိုက်ညွန့်အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မှ ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုး အား အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။