အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှ (၈)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး-7မျိုးစုံ)ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)သံလုံးပစ် ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)မီတာ-၅၀၀၀ပြိုင်ပွဲ၊ (အမျိုးသား)တုတ်ထောက်ခုန်ပြိုင်ပွဲ၊ (အမျိုးသား/ အမျိုးသမီး)မီတာ-၄၀၀တန်းကျော်ပြေးပြိုင်ပွဲ၊ (အမျိုးသား+အမျိုးသမီး) မီတာ(၄၀၀X၄) လက်ဆင့်ကမ်း ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)မီတာ-၈၀၀ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)မီတာ-၂၀၀ပြိုင်ပွဲ၊ (အမျိုးသမီး) အလျားခုန်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယနေ့ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် (အမျိုးသား)သံလုံးပစ်ပြိုင်ပွဲတွင် ထက်ဝေယံ(ပြည်ထဲရေး) သည် (၁၅.၀၂)မီတာဖြင့် ၂၀၀၃ ခုနှစ် အောင်မိုးဝင်း(မြို့တော်/စည်ပင်)၏စံချိန်(၁၄.၀၇)မီတာထက် သာလွန်ကောင်းမွန်ပြီး စံချိန်သစ်တင်နိုင်ခဲ့သည့်အပြင် (အမျိုးသား)မီတာ၂၀၀ ပြိုင်ပွဲတွင် ထက်ရှိုင်းအောင်(စည်ပင်)၏ Hand Timing (21.25)စံချိန်သည် ၁၉၉၃ ခုနှစ်၊ ကျော်ထူးအောင်(ဟိုတယ်/ခရီး) ၏ ဖိလစ်ပိုင်နိုင်ငံတွင်ရရှိသော Electronic Time (21.34)စံချိန် ထက်သာလွန်၍ လည်းကောင်း ဝန်ကြီးဌာနစံချိန်သစ်များ အသီးသီးတင်နိုင်ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ(၈)ရက်နေ့တွင် စတုတ္ထနေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နံနက်(၆)နာရီ မှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။