အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဌာနခွဲများ၊ အား/ကာ(သိပ္ပံ)ကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းလမ်းညွှန်အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဌာနခွဲများ၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းလမ်းညွှန်အစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ယခုအစည်းအဝေးတွင် တာဝန်ခံညွှန်ကြားရေးမှူးများ အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ လိုအပ်ချက်များနှင့် အခက်အခဲ များရှိပါက တင်ပြပေးသွားရန်လိုကြောင်း၊ ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ ချက်ချင်းဖြေရှင်းပေး၍မရသည့် ကိစ္စရပ်များကို ပြည်ထောင်စု ဝန်ကြီးထံတင်ပြပြီး ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ခံညွှန်ကြားရေးမှူး များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁)လတစ်ကြိမ်ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ပေးရေးနှင့် ပြောင်းရွှေ့နေရာချထားရေးကိစ္စရပ်များကို ဘုတ်အဖွဲ့ဖွဲ့၍ ဆုံးဖြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်ဂျက်များတွင် အချိန်မီထည့်သွင်းရေးဆွဲသွားရန်လိုကြောင်း၊ တာဝန်ခံညွှန်ကြားရေးမှူးများ အနေဖြင့် ရုံးလုပ်ငန်းကိစ္စများ နားလည်တတ်ကျွမ်းမှုရှိရန်နှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များတွင် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်အောက်ဝန်ထမ်းများ၏ အခက်အခဲများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စည်းလုံးခြင်းသည် အဓိကဖြစ်သည့် အတွက် ရာထူးအဆင့်အလိုက် အထက်အောက် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံ၍ မိသားစုစိတ်ဓာတ်ထားရှိပြီး ပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှသာ လုပ်ငန်းများ‌ အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပြုလုပ်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ Sports Master Plan ရေးဆွဲ နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ညွှန်ကြားရေးမှူးများ အနေဖြင့် နိုင်ငံတကာအစည်းအဝေးများနှင့် seminar များ တက်ရောက်ရာတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းပြောဆိုဆက်ဆံနိုင်စေရေးအတွက် အင်္ဂလိပ်ဘာသာစကား (Four Skills)ကို လေ့လာထားရန်လိုကြောင်း၊ ဝန်ထမ်းများ အစည်းအဝေးများနှင့် အခမ်းအနားများသို့ တက်ရောက်ရာတွင် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ယူနီဖောင်းများ ဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကဏ္ဍအလိုက် လုပ်ငန်းတိုးတက်မှုအခြေအနေရှိ/မရှိ ညွှန်ကြားရေးမှူးများ မှ ကွင်းဆင်းစစ်ဆေးသွားရန်နှင့် ဌာနသို့အစီရင်ခံစာတင်ပြပေးသွားရန်လိုကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်/စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားရန်လိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးများက စီမံအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများ၊ ဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေး လုပ်ငန်းအခြေအနေများ၊ အားကစားကွင်း/အားကစားရုံ ပြုပြင်ထိန်းသိမ်းရေးကိစ္စရပ်များ၊ ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များ၊ အားကစားပြိုင်ပွဲကျင်းပပြီးစီးမှုအခြေအနေများ၊ လူထုအားကစားလှုပ်ရှား ဆောင်ရွက်မှုများနှင့် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများက လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများက Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြောင်းသိရသည်။