၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး (၄)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ(၂၇)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့်၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ အမျိုးသမီး(၄)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး အမျိုးသမီး(၄)ယောက်တွဲအဖွဲ့လိုက် တတိလုပွဲ ပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက် တတိလုပွဲ ပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) (၃)ယောက်တွဲအဖွဲ့လိုက် အုပ်စုပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။



