အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ (၂၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး ဒေါ်မေသန်းကြိုင် တို့အား အမှူးထား၍ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး မြို့မ ဈေးကုန်းကျောင်းတိုက် အဘိဓမ္မာသင်တန်းနည်းပြတိုက်အုပ်ဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရဇျ္စာယ်တော်မူသော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော်မထေရ်မြတ်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ ပြီးနောက် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး ဒေါ်မေသန်းကြိုင်၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်ဇနီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဇနီး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ များမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။