အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၁၁

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများတက် ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ၏ Pair (အမျိုးသား + အမျိုးသမီး) အတွဲပြိုင်ပွဲ၊ ကကွက်တစ်ဦးချင်း (အမျိုးသား) ပြိုင်ပွဲ၊ ကကွက်တစ်ဦးချင်း (အမျိုးသမီး) ပြိုင်ပွဲ၊ အသင်းလိုက် (အမျိုးသား) ပြိုင်ပွဲနှင့် (အမျိုးသမီး) ပြိုင်ပွဲတို့တွင် ပထမဆုရရှိကြသည့် အားကစား သမားများက အားကစားနည်းအလိုက် သရုပ်ပြတင်ဆက်ကြသည်။

အကြိတ်အနယ်ယှဉ်ပြိုင်ကစား

ထို့နောက် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ (ဗိုလ်လုပွဲ) ပွဲစဉ်များကို ဆက်လက်ကျင်းပရာ အမျိုးသား တစ်ဦးချင်းအတိုက် (၅၀ – ၅၄) ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း၊ အမျိုးသမီး တစ်ဦးချင်းအတိုက် (၆၂ – ၆၇) ကီလိုတန်းပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း အတိုက် (၆၈ – ၇၄) ကီလိုတန်းပြိုင်ပွဲတွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြသည်။

(ဗိုလ်လုပွဲ) ပွဲစဉ်များအပြီးတွင် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့က ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ အမျိုးသား (၈၀ – ၈၇) ကီလိုတန်း ပြိုင်ပွဲနှင့် အမျိုးသမီး (၆၂ – ၆၇) ကီလိုတန်းပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆုငွေများပေးအပ်ချီးမြှင့်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများက အမျိုးသား (၇၄- ၈၀) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၆၇ – ၇၃) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၄၆ – ၄၉) ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသား(၅၄-၅၈) ကီလို တန်းပြိုင်ပွဲ၊ အမျိုးသား (၄၆ – ၅၀) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (၅၈ – ၆၃) ကီလိုတန်းပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်၊ ဦးရွှေကြိမ်းနှင့် ဒေါက်တာဘရွှေတို့က အမျိုးသား (၅၀ – ၅၄) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (၆၈ – ၇၄) ကီလိုတန်း ပြိုင်ပွဲနှင့် အကောင်းဆုံးအားကစား သမားဆု ရရှိကြသူများကို ဂုဏ်ပြု ဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာမှုထန်နှင့် ပိုးရယ်အောင်သိန်းတို့က အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် အမျိုးသား တံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ကိုတံခွန်စိုက် ဆုဖလားပေးအပ်ချီးမြှင့်ကြသည်။

တံခွန်စိုက်ဆုဖလားချီးမြှင့်

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါ်ဒွဲဘူက စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း အားကစားသမား စုစုပေါင်း ၂၈၀ ဖြင့် နိုဝင်ဘာ ၇ မှ ၁၁ ရက် အထိ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်