အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ နိုဝင်ဘာ (၇)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစားသမားများ ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ပြည်ထောင်စုစိတ်ဓာတ်မြင့်မားလာစေရေးနှင့် အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်မည့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ဖြစ်ပါကြောင်း။

နိုင်ငံတော်မှ မြန်မာ့အားကစားကို အစွမ်းကုန်အားပေးချီးမြှောက်နေသည့် အချိန်ကာလဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် မိမိတို့၏ အစွမ်းအစ၊ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အနိုင်ရရှိစေရေး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာဓိဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များကို လိုက်လံနှုတ်ဆက်ကြပြီး ပထမနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တိုက်ကွမ်ဒိုတစ်ဦးချင်း (အမျိုးသား/အမျိုးသမီး) အတိုက်ပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုအားပေးကြသည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၅) သင်းနှင့် အမျိုးသမီးအသင်း (၁၅) သင်းတို့မှ အားကစားသမား စုစုပေါင်း (၂၈၀) ဦးတို့က အောက်တိုဘာ (၇) ရက်မှ (၁၁) ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ယှဉ်ပြိုင်သွားကြမည်ဖြစ်သဖြင့် တိုက်ကွမ်ဒိုအာကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။