အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် အောက်တိုဘာ (၂၅)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ အားကစားသမား အချင်းချင်းချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ဘော်လီဘောအားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘော်လီဘောအားကစားနည်းသည် နည်းစနစ်ကိုအခြေခံ၍ အားကစားသမားတစ်ဦးချင်း၏ ကျွမ်းကျင်မှု၊ လျင်မြန်ဖြတ်လတ်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုပြည့်ဝရန် လိုအပ်သည့်အပြင် တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိပြီး အပေးအယူမျှတစွာ ယှဉ်ပြိုင်ရသည့် အားကစားနည်းဖြစ်သည့်အတွက် အားကစားသမား တစ်ဦးချင်းရော အသင်းလိုက်ပါ လေ့ကျင့်မှုပြည့်ဝရန်လိုအပ်ကြောင်း၊ ဘော်လီဘောအားကစားနည်းသည် နိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ခဲ့ပြီး အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့သည့် အားကစားနည်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများကို ဖော်ထုတ်၍ မြန်မာ့ဘော်လီဘောအားကစားနည်း ပြန်လည်ဦးမော့လာစေရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် အသန့်ရှင်းဆုံး ယှဉ်ပြိုင်ကြရန်နှင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတို့က ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်ပရိသတ်များသည် ဘော်လီဘောအမျိုးသားပြိုင်ပွဲ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာ ၂၅ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း၊ အားကစားသမား စုစုပေါင်းအင်အား ၄၁၈ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် အားကစားကို စိတ်ပါဝင်စားသည့် ပြည်သူများ အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။