အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

စစ်တွေ၊ အောက်တိုဘာ (၁၃)ရက်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁/၂၀၂၃)ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ (၁၃.၁၀.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီအနေဖြင့် ပြည်နယ်အတွင်းရှိ လူငယ်များဗလငါး တန်နှင့်ပြည့်စုံစေရန် လူငယ်ကဏ္ဍ(၁၆)ရပ်ပါ လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ လူငယ်ကဏ္ဍ(၁၆)ရပ်ကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ထိ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်လူငယ်ရေးရာကော်မတီနှင့် မြို့နယ်လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့ခေါင်းဆောင်များ၊ နည်းပညာ ဆိုင်ရာတီထွင်ဖန်တီးသူများ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူများ၊ စွန့်ဦးတီထွင်သူများ၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ပေးနိုင်သော လုပ်ငန်းအင်အားစုများ၊ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် နယ်ပယ်ကဏ္ဍပေါင်းစုံမှာရှိသော လူငယ်များဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများဖန်တီး ပုံဖော်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ လူငယ်များနှင့်ပူးပေါင်းဆောင်ရွက်မှုခိုင်မာ အားကောင်းလာမည် ဖြစ်သကဲ့သို့ လူငယ်များအနေနှင့်ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိပြီး စဉ်ဆက်မပြတ် ဖွဲ့စည်းတိုးတက်သည့် သဟဇာတဖြစ်သည့် လူမှုအသိုင်းအဝိုင်းကို တည်ထောင်နိုင်ကာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟ ချက်များကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒပါ လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ရန် ရေးဆွဲထားရှိသည့် အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် ၂၀၂၀-၂၀၂၄ တွင်ပါရှိသည့် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ခုနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီများအနေဖြင့် ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်(၅၈)ခု၊ ဆောင်ရွက်ချက်(၁၂၁)ခု အနက်က လက်ငင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ကော်မတီအဖွဲ့ဝင် အချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို လည်း အကြံပြုဆွေးနွေးတင်ပြကြရန်ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက မိမိတို့ကော်မတီအလိုက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီသို့ အလှူငွေများပေးအပ်ရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီးက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သည် ဗဟိုကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ခိုင်သဇင်ခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ကြသည်။

ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် လူငယ်ဆိုသည့်အဓိပ္ပာယ်ဖွင့်ဆိုချက် အတွက်အကျုံးဝင်သော အသက်အပိုင်းအခြားမှာ ၁၅ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်ကြောင်း၊ ထိုအသက် အပိုင်းအခြားအတွင်းရှိသည့် လူငယ်များက မြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အဖြစ်မှော်မှန်းတည်ဆောက်လျက်ရှိရာတွင် ယနေ့ လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဆက်လက်တာဝန်ယူသွားကြရမည့် သူများဖြစ်သည့်အလျောက် လူငယ်ပြုစုပျိုးထောင်ရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့ကို စဉ်ဆက်မပြတ် ပြုလုပ်သွားရန်လိုအပ်မည် ဖြစ် ကြောင်း၊ ကမ္ဘာကြီးသည်အစဉ်တစိုက်ပြောင်းလဲတိုးတက် နေခြင်းဖြစ်သည့်အတွက် ပြောင်းလဲ တိုးတက်မှုများကို အမှီလိုက်နိုင်ရန် ယနေ့လူငယ်များပြင်ဆင်မှုများစွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လူငယ်များမှန်ကန်သည့် အသိပညာရရှိစေရေးအတွက် ယနေ့လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကိုကျင်းပခြင်းဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲမှူးမျိုးလွင်က လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအကြောင်း၊ အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(ရခိုင်)၊ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး သက်နိုင်ဦးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအကြောင်း သိကောင်းစရာများကို ဟောပြောကြသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။