၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ ဆက်လက်ကျင်းပ
နေပြည်တော်၊ အောက်တိုဘာ(၁၁)။
မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားလာစေရန်နှင့် မျိုးဆက်သစ် ခြင်းလုံးအားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား) မြန်မာ့ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် ခြင်းလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲ ကျား(၆)ပေါက်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရမှတ် (၁၃၅၉)မှတ်၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရမှတ် (၆၆၆)မှတ်၊ မကွေးတိုင်းဒေသကြီးအသင်းက ရမှတ်(၁၀၃၃)မှတ်၊ ရခိုင်ပြည်နယ်အသင်းက ရမှတ်(၄၁၄)မှတ်၊ ရှမ်းပြည်နယ်အသင်းက ရမှတ် (၈၂၆)မှတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရမှတ် (၁၃၈၅)မှတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရမှတ် (၆၁၄)မှတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရမှတ် (၁၀၆၀)မှတ် အသီးသီး ရရှိခဲ့ကြပြီး (အမျိုးသမီး)ပြိုင်ပွဲ မ(၄)ပေါက်ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းက ရမှတ် (၄၄၈)မှတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရမှတ် (၆၉၈)မှတ်၊ ရှမ်းပြည်နယ်အသင်းက ရမှတ် (၁၂၉)မှတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရမှတ် (၃၇၉)၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရမှတ်(၆၂၂)မှတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရမှတ်(၄၃၈)မှတ်များ အသီးသီးရရှိခဲ့ကြသည်။
အောက်တိုဘာ(၁၂)ရက်နေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ (အမျိုးသမီး) ပြိုင်ပွဲ မ(၄)ပေါက် ဗိုလ်လုပွဲပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားသွားကြမည်ဖြစ်ပြီး မွန်းလွဲ(၁)နာရီတွင် (အမျိုးသား)ပြိုင်ပွဲ ကျား(၆)ပေါက် ဗိုလ်လုပွဲပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားသွားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ရိုးရာခြင်းလုံးအားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


