အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ညီလာခံ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ(၁၀)။

မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားစေရန်အတွက် ၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဝင်အသင်းကိုယ်စားလှယ်များ၏ ခြင်းလုံးညီလာခံကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင် ရိုးရာအားကစားနည်းများရှိကြသည့်နည်းတူ မြန်မာနိုင်ငံမှာလည်း ရိုးရာအားကစားနည်းများစွာရှိသည့်အနက် ခြင်းလုံးအားကစားနည်းသည် အထင်ရှားဆုံးရိုးရာအားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ပြည်ခရိုင်၊ မှော်စာရွာ အနီးမှာ အချင်း(၂)လက်မခန့်ရှိသည့် ငွေခြင်းလုံးလေးကို တူးဖော်ရရှိခဲ့မှုအရ မြန်မာနိုင်ငံတွင် ရိုးရာခြင်းလုံး အားကစားနည်းကို ၁၉၂၇ခုနှစ်မှာ စတင်ခတ်ကစားခဲ့ကြကြောင်း၊ ပထမအကြိမ် ရိုးရာခြင်းလုံးညီလာခံကို ရန်ကုန်မြို့၌ ၁၉၅၃ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့အထိ ကျင်းပခဲ့ပြီး တစ်ပြည်လုံးမှ ကိုယ်စားလှယ်(၃၃)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ညီလာခံအပြီး ၁၉၅၃ခုနှစ်၊ ဇူလိုင် လ(၁၀)ရက်နေ့တွင် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ရာမှ အားကစားအသွင်အဖြစ်ပါ ပြောင်းလဲရောက်ရှိလာခဲ့ သည်ကို တွေ့ရှိခဲ့ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် သက်တမ်းနှစ်(၇၀)အတွင်း ရိုးရာခြင်းလုံး ညီလာခံကို အချို့နှစ်များမှာ မကျင်းပနိုင်ခဲ့သော်လည်း ယခု(၄၄)ကြိမ်မြောက် ညီလာခံကို ပြန်လည်ကျင်းပနိုင်ခဲ့ပါကြောင်း၊ ရိုးရာခြင်းလုံးညီလာခံတွင် ခြင်းလုံးအားကစားနည်းနှင့်ပတ်သက်သည့် ဥပဒေ/နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်း၊ ပြိုင်ပွဲကျင်းပသည့်စနစ်၊ အမှတ်ပေးစနစ်နှင့် ခြင်းပေါက်သတ်မှတ်ချက်များကို လိုအပ်သလို ဆွေးနွေးပြင်ဆင်ကြသည့်အတွက် ရိုးရာခြင်းလုံးညီလာခံများသည် ခြင်းလုံးလောကအတွက် အလွန်အရေးပါကြောင်း၊ ခေတ်အဆက်ဆက် ခြင်းလုံးပညာရှင်ကြီးများက ရိုးရာခြင်းလုံးအားကစားနည်း မတိမ်ကော မပပျောက်သွားစေရန် ဝိုင်းဝန်းထိန်းသိမ်းပြီး ပိုမိုပြန့်ပွားတိုးတက်လာ စေရေးအတွက် ဆောင်ရွက်ခဲ့ကြ သည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ပြီး မြန်မာ့ခြင်းလုံး အားကစားနည်းကို သရုပ်ပြခတ် ကစားခဲ့ကြသည့်အတွက် နိုင်ငံတကာသို့ပါပြန့်နှံ့ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ၂၀၁၃ခုနှစ်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်းကို ထည့်သွင်းကျင်းပနိုင်ခဲ့သည့်အပြင် အာရှခြင်းလုံးအဖွဲ့ချုပ်ကိုပါ ဖွဲ့စည်းပြီး (၂၈)ကြိမ်မြောက်၊ (၂၉)ကြိမ် မြောက်နှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတို့တွင် ခြင်းလုံးအားကစားနည်းကို ထည့်သွင်းကျင်းပနိုင်ခဲ့သည့်အတွက် အရှေ့တောင်အာရှနိုင်ငံများတွေမှာပါ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း ပြန့်နှံ့စေခဲ့ရုံသာမက မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုများစွာ ရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ခြင်းလုံးအားကစားနည်းသည် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေသည့်အပြင် အနုပညာဆန်သည့် ခတ်ကစားဟန်ကလည်း ရင်သပ်ရှုမောဖွယ်ရာဖြစ်ပြီး မိမိတို့ ခတ်ကစားသည့် ခြင်းလုံး မြေမကျအောင် ဝိုင်းဝန်းထိန်းသိမ်းကြပြီး အချင်းချင်းပံ့ပိုးကစားကြသည့် စိတ်ဓါတ် “အပေးအယူ လွန်ကြည်ဖြူ ခြင်းမူစာဂ မျှစိတ္တ” “ခြင်းလုံးသင်စ ခြေဖျားတော့က” “ခြေဖျားမနိုင် ခြင်းမပိုင်” “ဖဝါးမနိုင် ခြင်းမပိုင်” “ပို့ ထောက် ကောက် ခတ် ထိုလေးရပ် အစဉ်သတိချပ်” ဆိုသည့် ခြင်းလုံးအားကစားနည်း၏ ဆောင်ပုဒ်များ အတိုင်း အပေးအယူမျှမျှတတနှင့် ဝိုင်းဝန်းကြိုးစားကြသည့် ရိုင်းပင်းမှုစိတ်ဓါတ်၊ စုပေါင်းလုပ်ကိုင်မှု စိတ်ဓါတ်နှင့် ရလဒ်ကောင်းများရရှိနိုင်သည့်အပြင် အမျိုးသား/အမျိုးသမီးအားလုံးနှင့် လူငယ်များ ခတ်ကစား သင့်သည့် အားကစားနည်းဖြစ်သည့်အတွက် ကျောင်းသားလူငယ်ထုအတွင်း ပိုမိုပြန့်ပွားလာအောင် ကြိုးစား ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို ချစ်ခင်မြတ်နိုး တန်ဖိုးထား ခတ်ကစားနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကျင်းပသည့် (၄၄)ကြိမ် မြောက် မြန်မာ့ရိုးရာခြင်းလုံးညီလာခံမှသည် နောက်ထပ်ညီလာခံ အဆက်ဆက်တိုင်အောင် ကမ္ဘာတည်သရွေ့ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တည်တံ့ပြန့်ပွားစေရန် လက်ဆင့်ကမ်းကြိုးပမ်းသွားကြရန်နှင့် နိုင်ငံတကာ နယ်ပယ်မှာလည်း အရှေ့တောင်အာရှမှ အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်အောင် ကြိုးစားသွား ကြစေလိုကြောင်း ပြောကြားခဲ့သည်။