အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်၍ ပြန်လည်ရောက်ရှိ

ဟန်ကျိုး၊ အောက်တိုဘာလ(၈)ရက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညဒေသစံတော်ချိန် ည( ၈ )နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း (Hangzhou Olympic Center)၌ ကျင်းပခဲ့သည်။

ပိတ်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံမှ အနုပညာရှင်များက ရိုးရာတေးသီချင်းများ ကပြဖျော်ဖြေခဲ့၍ ပြိုင်ပွဲဝင်နိုင်ငံ အားကစားအဖွဲ့ဝင်များက ကွင်းအတွင်း မှ ကပြဖျော်ဖြေသူများနှင့်အတူ ပါဝင်ဆင်နွဲခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိုလံပစ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အာရှအိုလံပစ်ကောင်စီခေတ္တဥက္ကဌက အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအိုလံပစ်ကောင်စီမှတာဝန်ရှိသူတစ်ဦးက ဂျပန်နိုင်ငံ Aichi-Nagoya မြို့တော်ဝန်ထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံအလံအား လွှင့်တင်ခဲ့သည်။

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဂျပန်နိုင်ငံက အာရှအားကစားပြိုင်ပွဲအလံကို လက်ခံလွှဲပြောင်းရယူ၍ အထိမ်းအမှတ်အဖြစ် ရိုးရာတေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် အိမ်ရှင်နိုင်ငံမှနှုတ်ဆက်ဖျော်ဖြေမှုဖြင့်အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့မှ အားကစားနည်း(၇)နည်း ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ( ၁ ) ခု နှင့် ကြေးတံဆိပ် ( ၂ ) ခု၊ စုစုပေါင်း ဆုတံဆိပ် ( ၃ )ခု၊ နိုင်ငံအလိုက်အဆင့်(၂၇)ဖြင့် ရပ်တည်ခဲ့သည်။

အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲကို လာမည့် ၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ Aichi-Nagoya မြို့ကြီးများတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E Li Qiang နှင့်အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၊ အာရှအိုလံပစ်ကောင်စီခေတ္တဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် အတူအုပ်ချုပ်မှုအဖွဲ့ (၃)ဦးတို့သည် ယနေ့ နေ့လယ် (၁၅: ၁၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် MU-2031 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။