အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်မြို့ အထက(၅)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ

ပြည်၊ စက်တင်ဘာ(၂၀)။

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်းဆောင်ရွက်သော “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ” ကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ အဆိုပါကျောင်း ပညာတံခွန်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရာ ဟောပြောပွဲတွင် ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြခိုင်က “ လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ဦးစီးအရာရှိ ဦးအောင်ကိုသန့်က “ လူငယ်ရေးရာ ဘက်စုံဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးသည်။

ယင်းနောက် ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အထက(၅) ကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းပြီး ဟောပြောပွဲတက်ရောက်လာသော ဌာနဆိုင်ရာနှင့်လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်၏ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲမှ သုတ/ရသစာအုပ်စာစောင်များကို လေ့လာကြည့်ရှု အားပေးကြကြောင်းသိရသည်။